ကျွန်တော်၏ ၂ နှစ်အရွယ် မြေးလေးမှ ကျွန်တော့်လက်ထဲသို့ ဘူးလေးတစ်ဘူးထည့်ပေးကာ စိတ်လှုပ်ရှားစွာဖြင့် “အဖိုးအတွက်လက်ဆောင်” ဟု အော်ပြောသည်။ “သူကိုယ်တိုင် စိတ်ကြိုက် ရွေးထားတာလေ” ဟု ကျွန်တော့်မိန်းမက အပြုံးနှင့်ဆိုသည်။

ကျွန်တော် ဘူးကို ဖွင့်ကြည့်ရာ သူ့အကြိုက်ဆုံး ကာတွန်းအရုပ်ကို တွေ့ရသည်။ မြေးလေးက “ကျွန်တော်ကြည့်လို့ရမလား” ဟု စိုးရိမ်စိတ်နှင့် မေးသည်။ ထို့နောက် ကျွန်တော့်အတွက် လက်ဆောင်ဆိုသော အရုပ်ဖြင့် သူ တစ်ညနေလုံး ကစားနေခဲ့သည်ကို ကျွန်တော် ကြည့်ပြီး ပြုံးမိသည်။

ကျွန်တော် ပြုံးရခြင်းအကြောင်းမှာ ကျွန်တော် အထက်တန်းကျောင်းသားဘဝက ကျွန်တော်အလွန် နားထောင်ချင်သော (နားလည်းနားထောင်ခဲ့သော) သီချင်းခွေ ကို အစ်ကို့အား ခရစ်စမတ်လက်ဆောင်အနေဖြင့် ပေးခဲသည့် အတိတ်မှ အဖြစ်အပျက်လေးကို သတိရမိခြင်းကြောင့်ပါ။ နှစ်များစွာကြာပြီးနောက်မှ အတ္တအကျိုးမကြည့်ဘဲ ပေးကမ်းရန် ဘုရားသခင်သည် ကျွန်တော့်ကို သွန်သင်နေဆဲဖြစ်သည်ကို သိနားလည်လာသည်။

ပေးကမ်းခြင်းအရာ၌ ကျွန်တော်တို့ တိုးတက်မှုရှိရမည်။ ၂ ကော ၈:၇ ၌ ရှင်ပေါလုက ကျွန်တော်တို့သည် “အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ (ပေးကမ်းခြင်း) ကျေးဇူးနှင့်လည်း ကြွယ်ဝပြည့်စုံခြင်းရှိရန် ရေးသားခဲ့သည်။ မိမိ၌ရှိသမျှသည် ဘုရားသခင်ထံမှလာခြင်းဖြစ်သည်ကို နားလည်သဘောပေါက်သည်နှင့် ကျွန်တော်တို့၏ ပေးကမ်းခြင်းသည် ကျေးဇူးပြုခြင်းသဘောဖြင့်ပြည့်ဝနေပြီး အစွန့်အကြဲခံခြင်း အရာထက် စွန့်ကြဲခြင်းအရာသည် သာ၍ မင်္ဂလာရှိသည်(တ၂၀:၃၅)ကို ပြသခဲ့သည်။

အတ္တကင်းသော လက်ဆောင်ဖြစ်သည့် အပြစ်အတွက် ကားတိုင်မှာအသေခံခဲ့ပြီး ရှင်သန်ထမြောက်ခဲ့သော တစ်ပါးတည်းသောသားတော်ကို ဘုရားသခင်သည် ရက်ရောစွာ ကျွန်တော်တို့အတွက် ပေးခဲ့သည်။ ထိုအန္တိမလက်ဆောင်ကို လက်ခံရယူသူ မည်သူမဆို အကန့်အသတ်မဲ့ကြွယ်ဝပြည့်စုံပြီဖြစ်သည်။ ကျွန်တော်တို့၏နှလုံးသားသည် ဘုရားသခင်၌ မျက်မှောက်ပြုသောအခါ ကျွန်တော်တို့၏လက်သည် အခြားသူတို့အား ချစ်ခြင်းမေတ္တာနှင့် ဖေးမပေးကမ်းနိုင်တော့သည်။ JAMES BANKS