လန်ဒန်မြို့ရှိ ဘီဘီစီ အသံလွှင့်ရုံ၌ ဇာတ်စင်မန်နေဂျာ ပေါလ်အာနိုး၏ ပထမဆုံး အသံလွှင့်ခြင်း၌ ရေဒီယိုဇာတ်လမ်းတွဲများတွင် ခြေသံများကို ပြုလုပ်ရခြင်းဖြစ်သည်။ ဇာတ်ကွက်တစ်ခုအတွင်း လမ်းလျှောက်သည့်အခန်းဇာတ်ညွှန်းများကို သရုပ်ဆောင်များက ဖတ်ရွတ်နေစဉ် ပေါလ် မှာ သရုပ်ဆောင်၏စကားသံနှင့် သူ၏ခြေလှမ်းတို့ တစ်ထပ်တည်း ကျ​အောင် သတိထားလုပ်ဆောင်ရသည်။ “အဓိက စိန်ခေါ်မှု ကတော့ ဇာတ်လမ်းမှာ သရုပ်ဆောင်ကို လိုက်လျောပေးရ တယ်။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် အတူတကွ အလုပ်လုပ် ကြတယ်” ဟု သူက ရှင်းပြသည်။

ထိုကဲ့သို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းမျိုးကို ဆာလံ ၁၁၉ ကို ရေးသားသူ ဆာလံ ဆရာမှ ရှာဖွေခဲ့သည်။ ဆာလံ ၁၁၉ သည် ဘုရားသခင်၏စကားတော် ပညတ်များအားဖြင့် အသက်ရှင်ခြင်းကို အလေးထားဖော်ပြထားသည်။ ဆာလံ ၁၁၉:၁ တွင် “ထာဝရဘုရား၏တရားလမ်း၌ မလွဲမတိမ်း၊ လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ဆိုသည်။ လမ်းခရီးကို ဘုရားမှဉီးဆောင်၍ သွန်သင်တော်မူချက်နောက်သို့လိုက်ခြင်းဖြင့် ကျွန်ုပ်တို့ သန့်ရှင်းစွာ ရပ်တည်နိုင်ပြီး (:၉)၊ မထီမဲ့မြင်ပြုခြင်းကို ကျော်လွှားနိုင်မည်(:၂၂)၊ လောဘလွန်ကျူးခြင်းမှ လွတ်မြောက်နိုင်မည်(:၃၆) ဖြစ်သည်။ ဒုစရိုက်အပြစ်ကို ဆီးတားနိုင်ရန် ခွန်အားကို ကိုယ်တော်ပေးလိမ့်မည် (:၆၁) ဘုရားဝတ်၌မွေ့လျော်သည့် မိတ်ဆွေများကို ရှာပြီး(:၆၃) ဝမ်းမြောက်စွာ ဘ၀ရှင်သန်နိုင်​အောင် မစလိမ့်မည်(:၁၁၁)။

ဓမ္မပညာရှင် Charles Bridges သည် အပိုဒ်ငယ် ၁၃၃ ကို ဤသို့သုံးသပ် ခဲ့သည်။ “လောကထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ ညီရဲ့လား၊ ခရစ်တော်ဟာ ငါ့ရဲ့အကောင်းဆုံးစံနမူနာဆိုတာ ဖော်ပြနိုင်သလားဆိုတာ ကျွန်တော် မေးပါရစေ” ဟူ၍ ပြောခဲ့သည်။

ထိုသို့ လျှောက်လှမ်းခြင်းဖြင့် ယေရှုကို လောကသားတို့အား ကျွန်ုပ်တို့ ပြသ လိုက်ခြင်းဖြစ်သည်။ ကိုယ်တော်နှင့် အလွန်နီးကပ်စွာ လျှောက်လှမ်းအောင် ကျွန်ုပ်တို့ကို မစပါ။ သို့မှသာ ကျွန်ုပ်တို့၏ခေါင်းဆောင်၊ မိတ်ဆွေနှင့် ကယ်တင်ရှင် ဖြစ်သော ယေရှုကို လောကသားများ မြင်တွေ့ကြလိမ့်မည်။ PATRICIA RAYBON