တောင်ပိုင်းကယ်လီဖိုးနီးယားရှိ အသင်းတော်ငယ်လေးတစ်ခုသည် ဘုရားသခင်၏ မေတ္တာကို လက်တွေ့ပြသရန် အခွင့်အလမ်းကို အမိအရယူခဲ့ကြသည်။ ယုံကြည်သူများ သည် ဒေသခံပင်မင်းဆိုင်တစ်ခုတွင် စုဝေးကာ ငွေကြေးအဆင်မပြေသူများအတွက် အဝတ်အစားများ လျှော်ပေးခြင်းဖြင့် ဝန်ဆောင်မှုပေးခဲ့သည်။ အဝတ်လျှော်ဖွတ်ပေးရုံမက တစ်ခါတစ်ရံ ထမင်းတစ်နပ်စာနှင့် အခြောက်အခြမ်းများကို ထောက်ပံ့ပေးခဲ့သည်။

လူများနှင့် အမှန်တကယ်ထိတွေ့ဆက်ဆံရပြီး သူတို့အကြောင်းများကို ကြားရခြင်းက အကြီးမားဆုံး အကျိုးကျေးဇူးဖြစ်သည်ဟု လုပ်အားပေးသူတစ်ယောက်က ဆိုသည်။ ထိုလုပ်အားပေးသူများသည် ယေရှုနှင့် ရှိသော မိတ်သဟာယကြောင့် သူတို့၏ယုံကြည်ခြင်းကို မေတ္တာ စကားနှင့် လုပ်ရပ်များအားဖြင့် ရှင်သန်ပြကာ အခြားသူများ အပေါ် စိတ်ရင်းမှန်နှင့် ပေါင်းသင်းဆက်ဆံတတ်အောင် ပြုစုပျိုးထောင်ပေးသည်။

တမန်တော်ယာကုပ်က ယုံကြည်သူတစ်ဦး၏မေတ္တာနှင့် အစေခံခြင်းကို အတည်ပြုဖော်ပြသည့် လုပ်ရပ်တိုင်းသည် စစ်မှန်သောယုံကြည်ခြင်း၏ ရလဒ်ဖြစ်သည်၊ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏” ဟု သူဆိုသည် (ယာ ၂:၁၄-၁၇)။ ယုံကြည်သည်ဟု ဝန်ခံကြေညာလိုက်ခြင်းသည် ကျွန်ုပ်တို့ကို ဘုရားသားသမီး ဖြစ်စေသော်လည်း တစ်ပါးသူများကို အစေခံခြင်းဖြင့် ကိုယ်တော်ကို အစေခံသောအခါ ကျွန်ုပ်တို့သည် ယေရှုကိုယုံကြည်ပြီး နောက်တော်သို့လိုက်လျှောက်သည့် ယုံကြည်သူများ ကဲ့သို့ ပြုကျင့်ခြင်းပင်ဖြစ်သည်(:၂၄)။ ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှု အကျင့်အကြံသည် ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကဲ့သို့ အပြန်အလှန်နီးကပ်စွာ အမှီသဟဲပြုလျက်ရှိပြီး(:၂၆)၊ ၎င်းသည် ကျွန်ုပ်တို့အတွင်းမှ၊ ကျွန်ုပ်တို့အားဖြင့် လှုပ်ရှားလုပ်ဆောင်သည့် ခရစ်တော်၏တန်ခိုးတော်တင့်တယ်မှုကို ​ဖော်ကျူးနေတော့သည်။

ဘုရားသခင်၏လက်ဝါးကပ်တိုင်ပေါ်၌ စွန့်လွတ်ပူဇော်ခဲ့မှုသည် ကျွန်ုပ်တို့ကို ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာဖြင့် ဆေးကြောသန့်စင်ပေးခဲ့ကြောင်း ယုံကြည်လက်ခံ ပြီးသည်နောက် တစ်ပါးသူများအား အစေခံရာ၌ စစ်မှန်သောယုံကြည်ခြင်းဖြင့် တုံ့ပြန် လုပ်ဆောင်ရမည်ဖြစ်သည်။ XOCHITL DIXON