City Blossoms အဖွဲ့ကို တည်ထောင်ခဲ့သူ Rebecca Lemos-Otero က “ကလေးတွေ ဉယျာဉ်ထဲမှာ အစေ့တွေကို ပစ်ချင်တဲ့နေရာမှာ ပစ်လိုက်၊ ပြီးရင် ဘာဖြစ်လာသလဲ ကြည့်ပါ” ဟု အကြံပြုသည်။ ၎င်းသည် ဂရုတစိုက်နှင့် အပင်ပျိုးစိုက်နည်းပုံစံ မဟုတ်သော်လည်း ထိုအစေ့တစ်စေ့ချင်းစီ၌ အပင်ပေါက်ရှင်သန်နိုင်သော အလားအလာရှိကြောင်းကို ထင်ဟပ်ပြသည်။ City Blossoms အဖွဲ့သည် ၂၀၀၄ ခုနှစ်ကတည်း ကပင် ဝင်ငွေနှိမ့်သောဝန်းကျင်ရှိ ကျောင်းများနှင့် အနီးအနား ပတ်ဝန်းကျင်အတွက် ဉယျာဉ်ပန်းခြံများ ဖန်တီးပေးခဲ့သည်။ ကလေးများသည် အပင်များကို ပြုစုပျိုးထောင်လျက် အာဟာရအကြောင်းနှင့် အလုပ်လုပ်တတ်ကိုင်တတ်အောင် သင်ယူလေ့လာခဲ့ကြသည်။ “မြို့ပြနေရာမှာ စိမ်းလန်းစိုပြေတဲ့ နေရာလေးရှိခြင်းက ကလေးတွေအတွက် အိမ်အပြင်မှာ ဖြစ်ထွန်းပြီး လှပတဲ့တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ နည်းလမ်းဖန်တီးထားပေးခြင်း ဖြစ်တယ်” ဟု Rebecca က ဆိုသည်။

သခင်ယေရှုသည် အဆတစ်ရာပွားများနိုင်သည့် အလားအလာရှိသော မျိုးစေ့များ ကြဲပြန့်ခြင်းအကြောင်းကို မိန့်ကြားခဲ့သည် (လု ၈:၈)။ ထိုမျိုးစေ့မှာ ကောင်းသော မြေ၌ကျခဲ့သည့် ဘုရားသခင်၏သတင်းကောင်းမျိုးစေ့ဖြစ်သည်။ “ကောင်းသောမြေ၌ ရှိသောသူကား ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံးနှင့် တရားစကားကိုကြားလျှင် စွဲလန်းသောအားဖြင့် မြဲမြံစွာ အသီးသီးသည််”(:၁၅) ဟု ရှင်းပြခဲ့သည်။

အသီးသီးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ခရစ်တော်နှင့် ချိတ်ဆက် နေရန်ဖြစ်သည်ဟု ယေရှုမိန့်ကြားသည် (ယော ၁၅:၄)။ ခရစ်တော်၏သွန်သင်ခြင်းကို ခံယူပြီး ကိုယ်တော်၌ စွဲမြဲတည်နေသည်နှင့်အမျှ ဝိညာဉ်တော်က ကျွန်ုပ်တို့အထဲ၌ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း”(ဂလာ ၅:၂၂-၂၃) တည်းဟူသော အသီးများကို သီးစေမည်ဖြစ်သည်။ ကျွန်ုပ်တို့အထဲတွင် ဖြစ်ပွားစေသော အသီးအားဖြင့် အခြားသူများအသက်တာကို တို့ထိရန် ကိုယ်တော်လုပ်ဆောင်သည်။ အခြားသူများသည်လည်း အသက်တာပြောင်းလဲ၍ သူတို့၏အသက်တာတွင် အသီးသီး လာအောင် ကိုယ်တော်လုပ်ဆောင်သည်။ ၎င်းသည် လှပသောဘဝဖြစ်လာအောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ ANNE CETAS