“လွန်ခဲ့တဲ့နှစ်အတော်ကြာကြာက ရှင့်အတွက်ဆုတောင်းပေးဖို့ မကြာခဏ နှိုးဆော်ခံခဲ့ရလို့ ဘာကြောင့်ပါလိမ့်လို့တွေးမိတယ်” ဟုမိတ်ဆွေဟောင်းတစ်ဦးက စာပို့လာသည်။

“ဂျိမ်းစ် အတွက်ဆုတောင်းပေးပါ။ သူ့စိတ်ထား၊ အတွေးနဲ့အပြောအဆိုအတွက်” ဟု ရေးထားပြီး ကျွန်​ေတော့်နာမည်အနီးတွင် ခုနှစ်သက္ကရာဇ် သုံးခုကို ရေးထားပြီး သူ့ကျမ်းစာအုပ်ထဲ ညှပ်ထားသည့်စာရွက်ကို ဓာတ်ပုံရိုက်ပို့ပေးသည်။

ထိုခုနှစ်များကိုကြည့်ပြီး ကျွန်တော်အသက်ရှူပင် မှားသွားသည်။ “ဘယ်လလောက်ကစပြီး ဆုတောင်းဖြစ်ခဲ့ တာလဲ” ဟု သူ့ကိုပြန်မေးကြည့်ရာ သူမက “ဇူလိုင်လ လောက်က”ဟု စာပြန်သည်။

ထိုလသည် ကျွန်တော် နိုင်ငံရပ်ခြားတွင် ဆက်လက်ပညာသင်ယူရန်အတွက် ထွက်ခွာရန် ပြင်ဆင်နေသောလ ဖြစ်သည်။ မတူညီသော ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ယုံကြည်ခြင်းကိုစိန်ခေါ်မည့် ယခင်ကနှင့် မတူသည့် အခြေအနေများကို ကျွန်တော်ရင်ဆိုင် ရတော့မည်ဖြစ်သည်။ စာတိုလေးကိုကြည့်ရင်း စေတနာဖြင့် လှိုက်လှဲစွာဆုတောင်းပေး ခဲ့သော တန်ဖိုးကြီးလက်ဆောင်မွန်ကို ကျွန်တော်ရရှိခဲ့ကြောင်း သိလိုက်ရသည်။

ကျွန်တော့်သူငယ်ချင်း၏ ကြင်နာမှုအားဖြင့် ရှင်ပေါလုမှ သူနှင့်ဧဝံဂေလိ လုပ်ဖော်ဆောင်ဖက်ဖြစ်သည့် လူငယ်တိမောသေအား ဆုတောင်းရန် နှိုးဆော်ခြင်း အကြောင်းကို အမှတ်ရမိသည်။ “လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပြုခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းကို ရှေ့ဦးစွာပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏”(၁တိ ၂:၂)။ “ရှေ့ဦးစွာ” ဟူသော စကားလုံးလေးက အဓိကဦးစားပေးရမည့်အမှုဖြစ်ကြောင်း ပြသည်။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းသည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ ဘုရားရှင် အလိုရှိသောကြောင့်ဟု (:၄) ရှင်ပေါလု ရှင်းပြထားသည်။

တစ်ပါးသူတို့ကို တိုက်တွန်းခွန်အားပေးရန်နှင့် သူ့ထံပါးသို့ဆွဲခေါ်ရန် ဘုရားရှင်သည် သစ္စာရှိသောဆုတောင်းခြင်းများအားဖြင့် မရေမတွက်နိုင်သော နည်းလမ်း များကိုသုံးနေပါသည်။ တစ်စုံတစ်ယောက်အကြောင်းက အတွေးထဲဝင်လာသောအခါ သူ့အခြေအနေကို ကျွန်တော်တို့မသိသော်ငြား ဘုရားရှင်သိပါသည်။ ကျွန်တော်တို့ ဆုတောင်း ပတ္ထနာပြုသောအခါ ကိုယ်တော်ကူမတော်မူလိမ့်မည်။ JAMES BANKS