အီတလီနိုင်ငံရှိ တိမ်းစောင်းနေသော နာမည်ကြီး Pisa မျှော်စင်အကြောင်းကို သင်ကြားဖူးကောင်းကြားဖူးမည်။ ဆန်ဖရန်စစ္စကိုမြို့မှ တိမ်းစောင်းနေသောမျှော်စင်ကိုရော ကြားဖူးပါသလား။ Millennium Tower ဟု အမည်ရပါသည်။ ၂၀၀၈ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၅၈ထပ်ရှိသော မိုးမျှော်တိုက်ကြီးသည် ဆန်ဖရန်စစ္စကို မြို့လည်ခေါင်၌ ဝင့်ကြွားစွာရှိနေသော်လည်း အနည်းငယ်တိမ်းစောင်းနေသည်။

အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းရင်း မှာ အင်ဂျင်နီယာများက အုတ်မြစ်ကို လုံလောက်သော အနက်ထိ မတူးထားခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် ငလျင်လှုပ်ခဲ့လျှင် မပြိုလဲသွားအောင် အုတ်မြစ်အတွက် လိုအပ်သော ပြုပြင်မှုများကို မဖြစ်မနေလုပ်ရန်လိုသည်ဟု အချို့က ယူဆလျက် ဖိအား​ပေးသည်။ ထိုလုပ်ငန်းအတွက် ကုန်ကျစရိတ်မှာ စတင်တည်ဆောက်စဉ်က အဆောက်အအုံ တစ်ခုလုံး၏ ကုန်ကျစရိတ်ထက်ပင် ပိုများနေသည်။

အလွန်ခံရခက်သောသင်ခန်းစာ မဟုတ်ပါလား။ အုတ်မြစ်သည် အရေးကြီးပါသည်။ အခြေခံအုတ်မြစ် မခိုင်ခံ့ သောအခါ ကံဆိုးမိုးမှောင်ကျလေပြီ။ သခင်ယေရှုသည် တောင်ပေါ်ဒေသနာ အဆုံးနားတွင် ထိုနည်းတူသော အကြောင်းအရာကို ဟောခဲ့သည်။ မဿဲ ၇:၂၄-၂၇ တွင် ကျောက်ပေါ်တွင် အိမ်ဆောက်သူနှင့် သဲပေါ်တွင် အိမ်ဆောက်သူ နှစ်ဦးကို နှိုင်းယှဉ်ထားသည်။ မိုးရွာပြီး လေလာသောအခါ ကျောက်ပေါ်၌ တည်ဆောက်သောအိမ်သည်သာလျှင် ဆက်လက် တည်ရှိသည်။

၎င်းသည် ကျွန်ုပ်တို့အတွက် မည်သည့်အဓိပ္ပာယ်နည်း။ ကျွန်ုပ်တို့၏အသက်တာ သည် သူ့ကို နာခံခြင်း၊ ယုံကြည်ခြင်းတို့ဖြင့် တည်ဆောက်ရမည့်အကြောင်း သခင်ယေရှုက ရှင်းလင်းစွာ ဖော်ပြသည်(:၂၄)။ သူ့ထံကျွန်ုပ်တို့ခိုလှုံသောအခါ ဘုရားရှင်၏တန်ခိုးတော် နှင့် မကုန်ဆုံးသောကရုဏာတော်၌ ခိုင်ခံ့သောမြဲတည်ကျောက်ကို တွေ့ရှိခိုနားနိုင် လိမ့်မည်။

ခရစ်တော်က ကျွန်ုပ်တို့အသက်တာတွင် မုန်တိုင်းများနှင့် မရင်ဆိုင်ရဟု ကတိ မပေးပါ။ သို့သော် သူ့ကို ကျောက်အဖြစ် ကျွန်ုပ်တို့မှီခိုသောအခါ သူ၌ တိုက်မြစ်ကျသည့် ယုံကြည်ခြင်းအုတ်မြစ်ကို မုန်တိုင်းထန်၍ ကြမ်းတမ်းသောရေစီးက ဘယ်သောအခါမျှ မတိုက်စား မဖျက်ဆီးနိုင်ပါ။ ADAM HOLZ