သင်းအုပ်ဆရာက ရှင်ယေရှုသည် ကောင်းကင်ဘုံကိုချန်ရစ်ပြီး လောကသို့ကြွဆင်း လာကြောင်း ဟောပြောခြင်းကို ၅ နှစ်အရွယ် အယ်ဒန်လေး နားထောင်ရင်း ရှင်ယေရှုက ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံသည့်အကြောင်း ရောက်လာသော် သူ့ခမျာ ပင့်သက်ရှိုက်ကာ “အို၊ မဖြစ်သင့်ဘူး။ သူသေသွားတယ်လား” ဟု အံ့သြစွာ ရေရွတ် လိုက်သည်။

လောက၌ ခရစ်တော်၏ဘဝအစပျိုးချိန်မှစပြီး ကိုယ်တော့်အား သေစေလိုသည့်သူအများရှိပါသည်။ ဟေရုဒ် မင်းကြီးနန်းစံစဉ် ပညာရှိသုံးပါး ယေရုရှလင်သို့ ရောက်လာကာ “ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏” (မ ၂:၂)။ မင်းကြီးသည် ထိုသတင်းကိုကြားသော် တစ်နေ့နေ့တွင် သခင်ယေရှုက သူ့နေရာ လုယူသွားမည်ဟု ကြောက်ရွံ့မိသည်။ သို့နှင့် ဗက်လင်မြို့ အနီးဝန်းကျင်ရှိ ၂ နှစ်နှင့် ၂ နှစ်အောက် သားယောက်ျားလေးများအားလုံးကို သတ်ပစ်ရန် စစ်သားများကို စေလွှတ်ခဲ့သည်။ သို့သော် ဘုရားရှင်သည် သူ၏သားတော်ကို ကွယ်ကာ ခဲ့ပြီး သခင်၏မိဘများထံ ကောင်းကင်တမန်ကိုစေလွှတ်ကာ ထိုအရပ်ဒေသမှ ထွက်သွားရန်
သတိပေးအကြောင်းကြားခဲ့သည်။ သူတို့လည်း ထွက်ပြေး၍ သခင်ယေရှုလည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည် (:၁၃-၁၈)။

သခင်ယေရှုသည် သူ၏သာသနာလုပ်ငန်း ပြီးမြောက်ချိန်တွင် သူသည် လောက၏အပြစ်အတွက် လက်ဝါးကပ်တိုင်၌ အသေခံခဲ့သည်။ လှောင်ပြောင်သော သဘောနှင့် “ယုဒရှင်ဘုရင်၊ ယေရှုပေတည်း” (၂၇:၃၇) ဟု ရေးထိုးထားသည့် ဆိုင်းဘုတ်ကို ကိုယ်တော်၏လက်ဝါးကပ်တိုင်ထက်၌ တပ်ထားသည်။ သို့သော် သုံးရက် မြောက်သောနေ့တွင် သခင်သည် သေခြင်းကိုအောင်မြင်ပြီး သင်္ချိုင်းမှထမြောက်ခဲ့သည်။ ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွပြီးနောက် ဘုရင်တကာဘုရင်တို့၏ဘုရင်၊ အရှင်တကာအရှင်တို့၏အရှင်အဖြစ် ပလ္လင်ထက်တွင် ထိုင်တော်မူ၏ (ဖိ ၂:၈-၁၁)။

ရှင်ဘုရင်သည် သင့်အပြစ်၊ ကျွန်ုပ်အပြစ်၊ အယ်ဒန်၏အပြစ်၊ ကျွန်ုပ်တို့ အားလုံး၏ အပြစ်အတွက် အသေခံခဲ့သည်။ ကျွန်ုပ်တို့၏နှလုံးသားများကို ကိုယ်တော့်အား အုပ်စိုးခွင့် ပေးကြပါစို့။ ANNE CETAS