ဝေါလစ် စတက်နာ၏မိခင်သည် အသက် ၅၀ တွင် ကွယ်လွန်ခဲ့သည်။ ဝေါလစ်သည် သူ့အသက် ၈၀ တွင် “Letter, Much Too Late” ဆိုသည့် အလွန်နောက်ကျမှ ရေးဖြစ်သည့် စာတိုလေးကို သူ့မိခင်ထံ ရည်စူးရေးခဲ့သည်။ ထိုစာ၌ အမေရိကန်အနောက်ပိုင်း​ဒေသ တည်ထောင်စကာလ ခက်ခဲကြမ်းတမ်းမှုများကြားတွင် ကြီးပြင်းအရွယ်ရောက်ကာ အိမ်ထောင်ကျပြီး သားနှစ်ဦးကို ပြုစုပျိုးထောင်ပေးသည့် သီလနှင့်ပြည့်စုံသော အမျိုးသမီးကို ချီးမွမ်းထားသည်။ သူသည် နှစ်လိုဖွယ်မရှိသူများကိုပင် ခွန်အားပေးသည့် ဇနီးတစ်ဦး၊ မိခင်တစ်ဦးဖြစ်သည်။ မိခင်ကြီးသည် သူ၏ ခွန်အားကို အသံအားဖြင့်ဖော်ပြခြင်းကို ဝေါလစ် အမှတ်ရ သည်။ “သီချင်းဆိုဖို့ အခွင့်အရေးကို အမေဘယ်တော့မှ အဆုံးရှုံးမခံဘူး” ဟု စတက်နာ ရေးသားခဲ့သည်။ စတက်နာ၏ မိခင်သည် သူအသက်ရှင်နေသရွေ့ ကောင်းချီးကြီးငယ်မဟူအတွက် ကျေးဇူးတင်ပြီး သီချင်းဆိုချီးမွမ်းခဲ့သည်။
ဆာလံဆရာသည်လည်း သီချင်းဆိုချီးမွမ်းရန် အခွင့်အရေးကို အရယူခဲ့သည်။ အခြေအနေ ကောင်းချိန်နှင့် ဆိုးယုတ်ချိန်တို့တွင် သီချင်းသီဆိုခဲ့သည်။ သီချင်းများသည် အတင်းအကျပ် လုပ်ဆိုရခြင်းမဟုတ်ဘဲ “ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းရှင်” (၁၄၆:၆)၊ “ငတ်မွတ်သောသူတို့ကို ကျွေးမွေးသူ”(:၇)၊ “မျက်စိကန်းသောသူတို့ကို မြင်စေသူ” (:၈)၊ “မုဆိုးမနှင့်မိဘမရှိသောသူတို့ကို ထောက်မသူ”အား (:၉) အလိုအလျောက် ချီးမွမ်း တုံ့ပြန်ခြင်းဖြစ်သည်။ ၎င်းသည် “ယာကုပ်အမျိုး၏ဘုရားသခင်၊ … သစ္စာတော်ကို အစဉ်အမြဲ စောင့်တော်မူသောသူ”အား (:၅-၆)၊ နေ့ရက်စဉ်တိုင်း ယုံကြည်ကိုးစားသော၊ ချီးမွမ်းခြင်းနှင့်ပြည့်သော ဘဝနေထိုင်မှုပုံစံဖြစ်ပြီး ထိုသို့အားဖြင့် အချိန်ကြာလာသည်နှင့် အမျှ ခွန်အားကို တည်ဆောက်ပေးသည်။
ကျွန်ုပ်တို့၏အသံ ကောင်းခြင်းမကောင်းခြင်းက အရေးမကြီး၊ ဘုရားသခင်၏ တည်မြဲသော ကောင်းမြတ်ခြင်းအပေါ် ကျွန်ုပ်တို့၏တုံ့ပြန်မှု၊ ချီးမွမ်းခြင်းနှင့်ပြည့်သော ဘဝ နေထိုင်မှုပုံစံကသာ အဓိကပါ။ ရှေးဓမ္မတေးတစ်ပုဒ်၌ ရေးဖွဲ့ထားသကဲ့သို့ “ကျွန်ုပ်စိတ်နှလုံး၌ တေးသွားတစ်ပုဒ်” ရှိပါသည်။ JOHN BLASÉ