ဂျက်ဖ်သည် ရှင်ယေရှုအား ယုံကြည်သူအသစ်ဖြစ်စ၊ ကောလိပ်ကျောင်းပြီးစအချိန်က ရေနံကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ဝင်ခဲ့သည်။ အရောင်းသမားတစ်ဦးအနေနှင့် ခရီးထွက်ရပြီး သူ့ခရီးတွင် ဝမ်းနည်းဖွယ်ကောင်းသည့် လူများစွာတို့၏ဘဝအကြောင်းကို ကြားသိခဲ့ရသည်။ သူ့ဖောက်သည်များအလိုအပ်ဆုံးမှာ လောင်စာဆီမဟုတ်ဘဲ သနား ကရုဏာသာဖြစ်ကြောင်း သူသိရှိခဲ့ရသည်။ သူတို့ ဘုရားကို လိုအပ်သည်။ ဤအမှုကြောင့် ဂျက်ဖ်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပိုမိုသိရှိရန် ကျမ်းစာကျောင်းတက်ပြီး နောက်ဆုံး သင်းအုပ်ဆရာတစ်ပါးဖြစ်လာခဲ့ရသည်။

ဂျက်ဖ်၏ကရုဏာစိတ်က ရှင်ယေရှုထံမှ မြစ်ဖျား ခံသည်။ မျက်မမြင်နှစ်ဦးနှင့် နတ်ဆိုးစွဲသူတစ်ဦးတို့ကို အံ့သြဖွယ် ကုသပျောက်ကင်းစေသည့် သခင်ခရစ်တော်၏ သနားကရုဏာကို မ ၉:၂၇-၃၃ ၌ လျှပ်တစ်ပြက် မြင်ရသည်။ လောက၌ အမှုဆောင်စဉ်တစ်လျှောက်လုံး ခရစ်တော်သည် “မြို့ရွာရှိသမျှတို့တွင်” (:၃၅) ဧဝံဂေလိတရားဟောကြားပြီး အနာရောဂါမျိုးမျိုးကို ငြိမ်းစေခဲ့သည်။ အဘယ်ကြောင့်နည်း။ “လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော် မူ၏။ အကြောင်းမူကား ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏” (:၃၆)။

ယနေ့ကမ္ဘာကြီးသည် ပြဿနာများနှင့်ပြည့်နေဆဲ၊ ကယ်တင်ရှင်၏ကြင်နာ သောဂရုပြုမှုကို လိုအပ်နေသည့် နာကျင်နေသူများနှင့် ပြည့်နေဆဲဖြစ်သည်။ သူ၏သိုးများကို ဦးဆောင်လမ်းညွှန်၊ ကာကွယ်ပြီး ဂရုပြုသောသိုးထိန်းကဲ့သို့ ယေရှုရှင်သည် သူ့ထံလာသူတိုင်းအား သနားခြင်းကရုဏာကို ကမ်းလင့်ပေးနေပါသည် (၁၁:၂၈)။ ဘဝ၌ ကျွန်ုပ်တို့ဘယ်နေရာရောက်ရောက်၊ မည်သို့ပင် ကြုံရကြုံရ၊ ခရစ်တော်၌ ဆိုလျှင် နူးညံ့ကြင်နာမှုနှင့် ဂရုပြုမှုများပြည့်လျှံကျနေသော နှလုံးသားကို ရှာတွေ့နိုင် ပါသည်။ ဘုရားသခင်၏ သနားကရုဏာကို ကျွန်ုပ်တို့ရရှိခံစားရသောအခါ အခြားသူများ ထံသို့လည်း မဝေမျှ မပေးကမ်းဘဲ မနေနိုင်တော့ပါ။ Alyson Kieda