“ကျောက်တုံးစွပ်ပြုတ်ဟင်းရည်” ရှေးပုံပြင်မှာ ရွာတစ်ရွာသို့ရောက်လာသည့် ဆာလောင် နေသူတစ်ဉီးအကြောင်းဖြစ်ပြီး၊ သူ့ကို အစားအစာပေးမည့်သူ တစ်ဉီးတစ်ယောက်မျှ မရှိပါ။ သို့နှင့် သူက မီးမွှေးရေနွေးတည်ပြီး အိုးထဲ ကျောက်တုံးတစ်တုံး ထည့်ပြုတ်သည်။ ဟင်းရည်မွှေနေသည့်သူ့ကို ရွာသားများက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ထို့နောက် လူတစ်ဉီးက အာလူး ၂ လုံး လာထည့်ပေးသည်။ နောက်တစ်ဉီးက မုန်လာဉနီအနည်းငယ် ထည့်ပေးသည်။ တစ်ဖန် တစ်ယောက်က ကြက်သွန်၊ တစ်ယောက်က ဘာလီဂျုံဆန်လက်တစ်ဆုပ် ထည့်ပေးသည်။ လယ်သမားကြီး တစ်ဉီးကနို့အနည်းငယ်ပေးသည်။ နောက်ဆုံးတွင် ကျောက်တုံးဟင်းရည်မှာ အရသာရှိသည့် ဟင်းချိုတစ်ပွဲ ဖြစ်သွားသည်။

ထိုပုံပြင်လေးမှာ မျှ‌ဝေခြင်း၏တန်ဖိုးကို ဖော်ကျူးသည်။ ထို့ပြင် မည်မျှပင် အရေးမပါ အရာမဝင်ဖြစ်လည်း မိမိ၌ရှိသည့်အရာကို ယူဆောင်လာရန် သတိပေးသည်။ ယော ၆:၁-၁၄ တွင် ကြီးမားသော လူအုပ်ကြီးထဲမှ အစားအစာယူလာရန် အတွေးရှိခဲ့သည့် တစ်ဉီးတည်းသောသူဖြစ်ဟန်တူသည့် သူငယ်လေးတစ်ယောက်အကြောင်းကို ဖတ်ရှု ရသည်။ သခင်ယေရှု၏တပည့်တော်များအတွက် သူငယ်လေး၏ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် နေ့လည်စာလေးက ဘာမှအသုံးမဝင်၊ သို့သော် ၎င်းကို သခင့်ထံအပ်နှံ သောအခါ သခင်ယေရှုက ပွားများစေလျက် ဆာလောင်နေသူ ထောင်ပေါင်းများစွာကို ကျွေးမွေး နိုင်ခဲ့သည်။

“လူငါးထောင်ကို ကျွေးမွေးဖို့ မလိုပါဘူး။ မင်းရဲ့မုန့်နဲ့ငါးကို ယူလာဖို့ပဲလိုတာ” ဟု ပြောသံကို ကြားဖူးသည်။ လူတစ်ဉီးအတွက် တစ်နပ်စာကို သခင်ယေရှုက လက်ခံယူပြီး မည်သူမျှ မမျှော်လင့်သော၊ တွေးထင်မထားသော ပမာဏအထိ ပွားများစေသကဲ့သို့ (:၁၁)၊ ကျွန်ုပ်တို့၏အားထုတ်မှု၊ စွမ်းရည်နှင့် အစေခံမှုများကို သခင့်ထံအပ်နှံလျှင် ကိုယ်တော် လက်ခံတော်မူမည်။ မိမိ၌ရှိသမျှကို စေတနာစိတ်ဖြင့်လိုလိုလားလား သူ့ထံယူဆောင်မှုကို သခင်အလိုရှိပေ၏။ CINDY HESS KASPER