ဝါရင် ဖေ့ဒလီ ဆိုသူသည် ဓာတ်ပုံသတင်းသမားနှင့် လေဆင်နှာမောင်းမုန်တိုင်းကျသည့်နေရာကိုလိုက်ပြီး မှတ်တမ်းသတင်းယူသူဖြစ်သည်။ သူက “လေဆင်နှာမောင်းနောက် လိုက်တယ်ဆိုတာ မိုင်ထောင်ချီ ကျယ်ဝန်းတဲ့နယ်ပယ်မှာ သရီးဒီစစ်တုရင်ပွဲကြီး ကစားရ သလိုပါပဲ။… အချိန်မှန်နဲ့ နေရာမှန် ကွက်တိဖြစ်လို့ကတော့ ခန့်မှန်းချက်နဲ့ မုန်တိုင်း လမ်းကြောင်း ကိုက်ညီဆီလျော်ခြင်းဖြစ်ပြီး ဘောလုံးအရွယ် မိုးသီးကစ သဲမုန်တိုင်းကို ရှောင်တိမ်းရင်း လေဆင်နှာ​မောင်း ဆိုတာ ဖြည်းဖြည်းချင်းလှည့်ပတ်နေတဲ့ဒလက်လိုပဲ” ဟု ဆိုသည်။

ဖေ့ဒလီ၏စကားများက ကျွန်ုပ်လက်ဖဝါးများ ချွေးစို့ပြီး နှလုံးခုန်မြန်လာစေသည်။ ၎င်း၏ရဲရင့်မှုနှင့် သိပ္ပံနည်းကျ မုန်တိုင်းနောက်လိုက်သူများ၏ဇောစိတ်ကို ကျွန်ုပ်နှစ်သက်သည့်တစ်ချိန်တည်းမှာပင် ပြင်းထန်သောရာသီဉတုထဲသို့ ပစ်ဝင်ချင်သည့် စိတ်ကို မနည်းတားဆီးရသည်။

သို့သော် ကျွန်ုပ်၏အတွေ့အကြုံအရ ဘဝမုန်တိုင်းများကို လိုက်စရာမလိုဘဲ မုန်တိုင်းက ကျွန်ုပ်ကိုလိုက်နေသည့်ဟု ထင်မိပါသည်။ ထိုအတွေ့အကြုံမှာ ဆာလံ ၁၀၇ မှ မုန်တိုင်းထဲပိတ်မိနေသည့် သင်္ဘောသားများအကြောင်းကို ထင်ဟပ်သည်။ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် ရလဒ်အဖြစ် ဒုက္ခကြုံရစဉ် “ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။ လေပြင်းကို ပျောက်စေတော်မူ၍ လှိုင်းတံပိုးများလည်း ငြိမ်ဝပ်ကြ၏။ ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက် ကြ၏” (ဆာလံ ၁၀၇:၂၈-၃၀)။

မိမိပြုမိမှားခြင်းကြောင့်ဖြစ်စေ၊ ပျက်စီးသောကမ္ဘာ၏ အကျိုးဆက်ကြောင့် ဖြစ်စေ၊ ဘဝမုန်တိုင်းကြုံရသည်တွင် ကျွန်ုပ်တို့၏အဘဘုရားသခင်သည် သာ၍ကြီးမြတ် သည်။ မုန်တိုင်းက ကျွန်ုပ်တို့ကိုလိုက်နေစဉ် ကိုယ်တော်တစ်ပါးတည်းသာ မုန်တိုင်းကို ငြိမ်းစေနိုင်သည်။ ကျွန်ုပ်တို့အတွင်းရှိ မုန်တိုင်းကိုလည်း ငြိမ်းစေနိုင်သည်။ BILL CROWDER