ထိုင်းနိုင်ငံမြောက်ပိုင်းတွင် Wild Boars လူငယ် ဘောလုံးအသင်းသည် ဂူတစ်ဂူသို့ ဝင်ရောက်လည်ပတ်ခဲ့ကြသည်။ ဂူအတွင်း ၁ နာရီခန့်မျှ ကြာခဲ့ပြီးနောက် ပြန်ထွက်မည် အပြုတွင် ဂူဝမှာ ရေဖုံးလွှမ်းနေပြီဖြစ်သည်။ ရေတက်လာခြင်းကြောင့် ဂူအတွင်းပိုင်းသို့ တစ်ရက်ပြီးတစ်ရက် ဆုတ်ဆုတ်သွားရသဖြင့် ဂူအတွင်းပိုင်း၌ ၂ မိုင် (၄ ကီလိုမီတာ) အကွာအဝေးထိတိုင် ပိတ်မိနေခဲ့သည်။ ရက်သတ္တ ၂ပတ် အကြာမှ ၎င်းတို့ကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်။ အဘယ်မျှ မျှော်လင့်ချက်မဲ့ ဖြစ်နေလိမ့်မည်နည်းဟု လူများစွာတို့ စာနာခံစားခဲ့ကြသည်။ စင်စစ် ၎င်းတို့သည် လုံး၀မျှော်လင့်ချက် ပျက်သုန်းသွားခြင်းမဟုတ်ဘဲ တစ်နေ့နည်းနည်းချင်းသာ မျှော်လင့်ချက် လျော့သွားခြင်းဖြစ်သည်။

ဣသရေလပြည်တွင် သစ္စာရှိရဲမက် ဉရိယကို သေစေခြင်းအမှုနှင့်စပ်လျဉ်း၍ ဒါဝိဒ်မင်းကို ပရောဖက်နာသန် ရင်ဆိုင်ခဲ့သည်။ “ထာဝရဘုရား၏ စိတ်နှလုံးတော်နှင့် ညီညွတ် သောသူ”က (၁ရာ ၁၃:၁၄) မည်သို့ လူသတ်မှုကျူးလွန်ခဲ့ရသနည်း။ ဒါဝိဒ်သည်လည်း တစ်ထစ်ချင်း ကျူးလွန်ခြင်းမှစ လူသတ်မှုမြောက်သွားသည်အထိ ဖြစ်ခဲ့သည်။ တစ်နေ့ချင်း တစ်ထိုင်တည်း ကျူးလွန်ခဲ့ခြင်း မဟုတ်ပါ။ ဆိုးဝါးသည့် ဆုံးဖြတ်ချက်မှစ တစ်ဖက်သား သွေးထွက်သံယိုသည်အထိ ဖြစ်သွားသည်။ ဒါဝိဒ်သည် ရမ္မက်လွှမ်းသော အကြည့်တစ်ချက်ဖြင့် စခဲ့ပြီး ဘုရင်၏အရှိန်အာဏာကို အလွဲသုံးစားပြုလျက် ဗာသရှေဘကို ဆင့်ခေါ်ခဲ့သည်။ ထို့နောက် ကိုယ်ဝန်ကိစ္စကို ဖုံးကွယ်ရန် သူမယောကျ်ားကို ရှေ့တန်းမှ ပြန်ခေါ်ခဲ့သည်။ သို့သော် ဉရိယက သူ၏သွေးသောက်ရဲဘော်များ ရှေ့တန်း၌ရှိနေချိန် သူက မိန်းမနှင့်ကြည်နူးမနေနိုင်၊ ထို့ကြောင့် သူအိမ်မပြန်ခဲ့ပါ။ သို့နှင့် သူ့အား သေစားသေစေရန် ဒါဝိဒ်ဆုံးဖြတ်လိုက်သည်။

ကျွန်ုပ်တို့သည်လည်း လူမသတ်၊ ကိုယ်အပြစ်နှင့်ကိုယ် ဂူထဲပိတ်မိနေခြင်းမျိုး မရှိသော်လည်း သခင်ယေရှုထံ ဉီးတည်သွားနေလား၊ ဒုက္ခပြဿနာသို့ ဉီးတည်သွားနေလား ဆိုသည်ကို ဆင်ခြင်ရန် လိုပါသည်။

ပြဿနာကြီးကြီးမားမားသည် နေ့ချင်းညချင်း ရုပ်ခြည်းဖြစ်ပေါ်လာသည် မဟုတ်ပါ။ တစ်နေ့နည်းနည်း ဖြည်းဖြည်းချင်းသာ ကျွန်ုပ်တို့ကို လွှမ်းမိုးပေ၏။
MIKE WITTMER