မကြာသေးမီကမှ ဇနီးဆုံးသွား၍ ဝမ်းနည်းနေသူတစ်ဉီးက “ဝမ်းနည်းကြေကွဲစရာ ကြုံလာတဲ့အချိန်၊ ဒါမှမဟုတ် နာကျင်ခံစားရတဲ့အချိန်မှာ ရန်တုံ့မမူဘဲ ကျေးဇူးတော်ကို ပြနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ … ကျွန်တော်ကတော့ ကျေးဇူးတော်ကိုပြဖို့ ရွေးချယ်ခဲ့ ပါတယ်” ဟု ဆိုသည်။ သင်းအုပ်ဆရာ အဲရစ်ဖစ်ဇ်ဂျဲရယ်၏ဇနီးမှာ ယာဉ်တိုက်မှုဖြင့် ဆုံးပါးသွားသည်။ အမှုက မောပန်းနွမ်းလျနေသည့် မီးသတ်ဝန်ထမ်းတစ်ဉီးသည် အိမ်အပြန်လမ်းတွင် တစ်ချက်ငိုက်သွားပြီး ဝင်တိုက်မိခြင်း ဖြစ်သည်။ အစိုးရ ရှေ့နေများက ခင်ပွန်းဖြစ်သူအနေဖြင့် အမြင့်ဆုံး အပြစ်ဒဏ်စီရင်ချက်ကို လျှောက်ထားမည်လားဟု သိလိုကြသည်။ သို့သော် သူက သူမကြာခဏဟောကြားသည့် ခွင့်လွှတ်ခြင်းဒေသနာကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ခဲ့သည်။ ဆရာနှင့် မီးသတ်ဝန်ထမ်းတို့သည် နောက်ဆုံး မိတ်ဆွေများဖြစ်သွားကြ သည်။ ထိုအဖြစ်ကိုလည်း ၎င်းတို့ နှစ်ဉီးသား အံ့ဩမိသည်။

ဆရာအဲရစ်သည် သူ့အပြစ်အားလုံးကို ခွင့်လွှတ် ခဲ့သူ ဘုရားသခင်ထံမှ ရရှိခံစားရသည့် ကျေးဇူးတော်ကို လက်တွေ့ပြခဲ့သည်။ သူ၏လုပ်ရပ်က အပြစ်နှင့် လွန်ကျူး ပြစ်မှားမှုများကို သည်းခံခွင့်လွှတ်သည့် ဘုရားသခင်ကိုချီးမွမ်းခဲ့သည့် ပရောဖက်မိက္ခာ၏ ချီးမွမ်းစကားကို ထင်ဟပ်ပြနေသည် (မိ ၇:၁၈)။ သူ့လူများ၏အပြစ်ကို ဘုရားရှင် ခွင့်လွှတ်ကြောင်း ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် “အကျွန်ုပ်တို့၏ဒုစရိုက်ရှိသမျှ တို့ကို ကျော်နင်းတော်မူလိမ့်မည်။… အပြစ်အလုံးစုံတို့ကို နက်နဲသောပင်လယ်ထဲသို့ ချပစ် တော်မူမည်” (:၁၉) ဟု သရုပ်ဖော် ရေးသားခဲ့သည်။ မီးသတ်ဝန်ထမ်းသည် ထိုနေ့က သူရရှိခဲ့သည့် လွတ်မြောက်မှုအားဖြင့် သူ့ကို ဘုရားသခင်နှင့် ပို၍နီးစေခဲ့သည်။

မည်သည့်ခက်ခဲသောအမှု ကြုံရစေကာမူ ဘုရားသခင်သည် မေတ္တာတော်နှင့် လက်ကိုဆန့်လျက် ကျွန်ုပ်တို့ကို လုံခြုံစွာ ထွေးပွေ့ရန် ကြိုဆိုသည်။ ကရုဏာပြခြင်းအမှုကို ကိုယ်တော်နှစ်သက်မွေ့လျော်သည် (:၁၈)။ ကိုယ်တော်၏မေတ္တာနှင့် ကျေးဇူးတော်ကို ကျွန်ုပ်တို့ ခံယူရရှိသည်နှင့်အမျှ သင်းအုပ်အဲရစ်ပြုသည်နည်းတူ ကျွန်ုပ်တို့ကို နာကျင်စေခဲ့ သူအား ခွင့်လွှတ်နိုင်အောင် ဘုရားရှင်သည် ခွန်အားပေးပေသည်။ AMY BOUCHER PYE