သခင်ယေရှုကို မယုံကြည်မီ ဧဝံဂေလိတရားကို ကြားခဲ့ပြီးဖြစ်သော်လည်း ဘုရား၏ ဖြစ်တည်မှုသဏ္ဌာန်နှင့်စပ်လျဉ်း၍ နားမလည်မှုနှင့် ကျွန်မရုန်းကန်ခဲ့ရသည်။ ဘုရားသခင် တစ်ပါးတည်းသာ အပြစ်ကိုခွင့်လွှတ်နိုင်သည်ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားခြင်းကြောင့် သခင်ယေရှုသည် ကျွန်မအပြစ်အတွက် မည်သို့ခွင့်လွှတ်ခြင်းကို ပေးကမ်းသနည်း။ ဆရာကြီး ဂျေအိုင် ပက်ကာ ရေးသည့် ‘Knowing God – ဘုရားကို သိကျွမ်းခြင်း’ စာအုပ်ကို ဖတ်ရှုပြီးနောက် ကျွန်မသာ ထိုသို့တွေးသည် မဟုတ်ကြောင်း သိခဲ့ရသည်။ မယုံကြည်သူ များစွာတို့အတွက် ကြက်သေသေပြီး အံ့ဩရလောက်အောင် ဖြစ်စေသည့် “နာဇရက်မြို့သားယေရှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်သည်၊ သူသည် စစ်မှန်ပြီး စုံလင်သည့် ဘုရားဇာတိရှိသည့်လူသားဖြစ်သည်” ဟူသည့် ခရစ်ယာန် တို့၏ ကြွေးကြော်ချက်သည် ကယ်တင်ခြင်းကိုဖြစ်စေနိုင်သည့် သမ္မာတရားဖြစ်သည်။

တမန်တော်ရှင်ပေါလုက သခင်ခရစ်တော်ကို “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်” ဟု ရည်ညွှန်းသည်။ သခင်ယေရှုသည် အကြွင်းမဲ့ပြီးပြည့်စုံသည့် ဘုရားသခင်၊ ဖန်ဆင်းရှင်၊ ကောင်းကင်နှင့် မြေကြီးပေါ် ရှိရှိသမျှကိုတည်စေသူ ဖြစ်သည်သာမက လူသားစင်စစ် ဖြစ်ခြင်းကိုလည်း ဆိုလိုသည် (ကော ၁:၁၅-၁၇)။ ဤသမ္မာတရားကြောင့် ခရစ်တော်၏ အသေခံခြင်းနှင့် ထမြောက်ခြင်းအားဖြင့် အပြစ်၏အဖိုးအခ အကျိုးဆက်များကို ကိုယ်တော်ဆောင်ယူသွားကြောင်း၊ ထိုမျှမက လူ့လောကသဘာဝကိုလည်း ရွေးနုတ် ကယ်တင်ကြောင်း၊ ထို့ကြောင့် ဖန်ဆင်းခြင်းအရာဟူသမျှသည် ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်နိုင်ကြောင်း ကျွန်မတို့စိတ်ချနိုင်ပါသည် (:၂၀-၂၂)။

အံ့ဩဖွယ်သော၊ သူ့ဖက်မှအစပြုပြသော မေတ္တာတော်ဖြင့် အဘခမည်းတော် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ သားတော်ဘုရား၏ အသက်တာအားဖြင့်လည်းကောင်း၊ သမ္မာကျမ်းစာ အားဖြင့်လည်းကောင်း သူ့ကိုယ်ကို ထင်ရှားဖော်ပြတော်မူသည်။ သခင်ယေရှုကို ယုံကြည်သူများသည် ကယ်တင်ခြင်းသို့ ရောက်ပြီ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် “ဧမာနွေလ” – ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား ဖြစ်တော်မူ၏။ ဟာလေလုယာ။ XOCHITL DIXON