အရှိအတိုင်းပြောတတ်သည့် ဘုရားမဲ့ဝါဒီသမားတစ်ဉီးက မိဘများ သူ၏သားသမီး များကို မှန်ကန်သည့်ဘာသာရေးအကြောင်းကို သွန်သင်ခြင်းသည် မှားယွင်းသော ကျင့်၀တ်ဟု ယုံကြည်သည်။ ထိုသူက သားသမီးများအား သူတို့၏ယုံကြည်ခြင်းကို လက်ဆင့်ကမ်းကြသည့်မိဘများသည် ကလေးသူငယ်များကို မတရားပြုသူများဟုပင် ဆိုသည်။ ဤအမြင် ရှုထောင့်များက အစွန်းရောက်သော်လည်း ယုံကြည်ခြင်းအကြောင်းကို မိမိသားသမီးများအား ရဲဝံ့စွာ သွန်သင်ရန် ဝန်လေးကြသည့် မိဘများကို ကျွန်ုပ်တွေ့ဖူးသည်။ ကျွန်ုပ်တို့အများစုက အားကစား၊ အာဟာရပြည့်မီစွာ စားသောက်မှုပုံစံ၊ နိုင်ငံရေးစသည့်အမြင်များဖြင့် သားသမီး အပေါ်လွှမ်းမိုးရန် မျှော်လင့်ကြပြီး၊ ဘုရားသခင်နှင့် ပတ်သက်သည့် ခံယူချက်ယုံကြည်ချက်များကို တစ်မျိုး တစ်ဘာသာ သွန်သင်ကြသည်။

သို့သော် ၂ တိ ၃:၁၅ ၌ “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်”ဟု တိမောသေ မည်သို့ပြုစု ပျိုးထောင်သွန်သင်ခံရသည်ကို ရှင်ပေါလုက ဖော်ပြထားသည်။ တိမောသေသည် သူ၏ကိုယ်ပိုင်အစွမ်းအစ၊ မိဘ၏အကူအညီမပါဘဲ အရွယ်ရောက်ချိန်၌ ယုံကြည်ခြင်းကို ရခဲ့ခြင်း မဟုတ်ပါ။ သူ့မိခင်က သူ့နှလုံးသားကို ဘုရားသခင်ထံသို့ လမ်းကြောင်းပေးလျက် ပြုစုပျိုးထောင်ခဲ့ပြီး တိမောသေသည် သူသင်ယူခဲ့ရသည့်အရာများအတိုင်း ဆက်လက် အသက်ရှင်ခဲ့သည် (:၁၄)။ ဘုရားသခင်သည် အသက်၊ စစ်မှန်သည့်ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်သည်ဆိုလျှင် ကျွန်ုပ်တို့၏ မိသားစုအတွင်း၌ ဘုရားသခင်ကို ချစ်သည့်မေတ္တာကို ကြင်နာစွာပျိုးထောင်ရန် အရေးကြီးသည်။ လိုအပ်သည်။

ကျွန်ုပ်တို့၏သားသမီးများအပေါ် လွှမ်းမိုးနိုင်သောအရာများစွာရှိသည်။ တီဗွီရှိုး၊ ရုပ်ရှင်၊ သီချင်း၊ ဆရာမများ၊ သူငယ်ချင်းများ၊ မီဒီယာ၊ တစ်ခုချင်းစီ၌ (သိသာသည့် နည်းလမ်းနှင့်ဖြစ်စေ၊ မမြင်နိုင်သည့်နည်းလမ်းများဖြင့်ဖြစ်စေ) စစ်မှန်သည့်လွှမ်းမိုးမှုကို ဖြစ်စေသော ယုံကြည်မှုနှင့်ဆိုင်သည့် ထင်မြင်ယူဆချက်များ ပါရှိသည်။ နှုတ်ဆိတ် မနေကြစို့နှင့်။ ကျွန်ုပ်တို့ကြုံတွေ့ခံစားခဲ့ရသည့် ကျေးဇူးတော်နှင့် တင့်တယ်ခြင်းများက သားသမီးများကို ဘုရားသခင်ထံ လမ်းပြပို့ဆောင်ရန် လှုံ့ဆော်နေသည်။ WINN COLLIER