အာဖရိကန်နိုင်ငံဖြစ်သည့် ဇင်ဘာဘွေနိုင်ငံ၌ စစ်မက်ဖိစီးမှုဒဏ်နှင့် အလုပ်လက်မဲ့ဉီးရေ မြင့်တက်လာသည့်အခြေအနေများက ပြည်သူများအတွက် စိတ်အားငယ်မှုကိုဖြစ်စေ သည်။ ထို့နောက်တွင် “ခင်မင်ရင်းနှီးမှုခုံတန်းလျား” မှ မျှော်လင့်ခြင်းကို လူတို့တွေ့ရှိခဲ့ကြ သည်။ ထိုနိုင်ငံသုံး Shona ဘာသာစကားအရ “kufungisisa” “အတွေးလွန်နေသူများ” တစ်နည်းအားဖြင့် စိတ်ဓာတ်ကျနေသူ၏ ရုန်းကန်ရမှုများကို နားထောင်ပေးရန် သက်ကြီးအမျိုးသမီးများကို လေ့ကျင့် သင်ပေးသည်။ မျှော်လင့်ချက်မဲ့သူများသည် ထိုနေရာတွင် “သင်တန်းဆင်းဘွားဘွားများ”နှင့် စကားပြောနိုင်သည်။

“ခင်မင်ရင်းနှီးမှု ခုံတန်းလျား”စီမံချက်ကို ဇမ်ဇီဘာ၊ လန်ဒန်နှင့် နယူးယောက် အပါအဝင် အခြားနေရာများတွင်လည်း စတင်မိတ်ဆက်လုပ်ဆောင်ခဲ့သည်။ လန်ဒန်မှ သုတေသီတစ်ဉီးက “တွေ့မြင်ရတဲ့ရလဒ်တွေက ကျွန်ုပ်တို့ကို ပီတိဖြစ်စေတယ်” ဟုဆိုသည်။ နယူးယောက်မြို့မှ အကြံပေး ပုဂ္ဂိုလ်တစ်ဉီးက ထိုစကားကိုထောက်ခံလျက် “ကိုယ်ဟာ ခုံတန်းလျားပေါ် ထိုင်နေရုံသက်သက် မဟုတ်ဘဲ ကိုယ့်ကိုဂရုစိုက်တဲ့သူနဲ့ နွေးထွေးစွာ စကားပြောနေရတယ်ဆိုတာ သတိမထားမိလိုက်ဘူး”ဟု ဆိုခဲ့သည်။

ဤစီမံချက်သည် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် အံ့သြဖွယ်နွေးထွေးစွာ စကားပြောရခြင်းဟု ခံစားရစေသည်။ မောရှေသည် ဘုရားသခင်နှင့် စကားပြောရန် ခုံတန်းလျား မဟုတ်ဘဲ၊ တဲကိုဆောက်ခဲ့ပြီး ပရိတ်သတ်စည်းဝေးရာတဲ ဟူ၍ ခေါ်ဝေါ်ခဲ့သည်။ “ထာဝရဘုရားသည် အဆွေခင်ပွန်းကို နှုတ်ဆက်သည်နည်းတူ၊ မောရှေနှင့် မျက်နှာချင်း ဆိုင်၍ နှုတ်ဆက်တော်မူ၏” (ထွ ၃၃:၁၁)။ သူ၏လက်ထောက် ယောရှုသည် တဲတော်မှ မထွက်၊ ဘုရားသခင်နှင့် အတူရှိရသည့်အချိန်ကို ယောရှုတန်ဖိုးထားခြင်းဖြစ်လိမ့်မည်။

ယနေ့ ပရိသတ်စည်းဝေးရာတဲကို ကျွန်ုပ်တို့ မလိုအပ်တော့ပါ။ ခမည်းတော်ကို ကျွန်ုပ်တို့အနီးသို့ သခင်ယေရှု ဆောင်ကြဉ်းပေးခဲ့ပြီဖြစ်သည်။ ယောဟန် ၁၅:၁၅ ၌ တပည့်တော်များအား သခင်မိန့်ကြားသကဲ့သို့ “သင်တို့ကို အဆွေဟူ၍ ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏”၊ ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုစောင့်နေသည်။ သူသည် ကျွန်ုပ်တို့နှလုံးသားအတွက် ဉာဏ်ပညာအရှိဆုံး ကူညီသူ၊ ကျွန်ုပ်တို့ကိုနားလည်သည့် မိတ်ဆွေဖြစ်သည်။ သူနှင့် ယခုပင် စကားပြောပါ။ PATRICIA RAYBON