ပထမကမ္ဘာစစ်ပြီးခါနီး ၁၉၁၈ ခုနှစ်တွင် ဓာတ်ပုံဆရာ အဲရစ် အဲန်စတောမ်သည် သူ့လက်ရာ ဓာတ်ပုံများကိုတင်ဆက်ရန် ပြန်လည်စုစည်းခဲ့သည်။ လူများစွာက ဘာမှမရှိသကဲ့သို့ ခံစားနေရချိန်၌ ပြီးပြည့်စုံခြင်းခံစားချက်ကိုဖော်ပြသည့်ဓာတ်ပုံ တစ်ပုံကို သူထည့်သွင်းဖော်ပြလိုသည်။ ထိုဓာတ်ပုံမှာ မုတ်ဆိတ်မွှေးနှင့်အဖိုးအိုတစ်ဉီးသည် စားပွဲ၌ထိုင်ပြီး ခေါင်းငုံ့ဆုတောင်းနေပုံဖြစ်သည်။ သူ့ရှေ့တွင် စာအုပ်၊ မျက်မှန်၊ ဆန်ပြုတ်တစ်ခွက်၊ ပေါင်မုန့်တစ်လုံးနှင့် ပေါင်မုန့်လှီးဓားတစ်လက်ရှိသည်။ ထိုအရာများအပြင် အပိုမရှိ၊ သို့သော် ဘာမှမလို၊ ဘာတစ်ခုမှ လျော့မနေပါ။ ယခုတွင် ထိုဓာတ်ပုံကို အများက အလွန်နှစ်သက် သဘောကျကြသည်။

ဓာတ်ပုံဆရာသည် ရှားပါးမှုကို ထုတ်ဖော်နေခြင်းဟု အချို့ကဆိုမည်။ သို့သော် အဲန်စတောမ်၏ရှုထောင့်က ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းသည် ပြည့်စုံသည့်ဘဝ ဖြစ်သည်။ ဓာတ်ပုံထဲမှအဖိုးအိုသည် ကျေးဇူးသိတတ်မှုဖြင့် ပြည့်စုံသည့်ဘဝကို ရှင်သန်နေသည်။ သင်နှင့် ကျွန်ုပ်လည်း အခြေအနေ မည်သို့ပင် ရှိရှိ၊ ထိုဘဝကို ခံစားနိုင်ပါသည်။ သခင်ယေရှုက ယော ၁၀ တွင် “ပြည့်စုံသောအသက်တာ”(:၁၀) ဟု သတင်းကောင်းကို ကြေညာထားသည်။ ထိုပြည့်စုံမှုကို ရုပ်ဝတ္ထုစည်းစိမ်များစွာရှိခြင်းနှင့် တန်းတူသတ်မှတ် လျှင် ထိုသတင်းကောင်းကို ဆိုးဝါးစွာ အကျိုးယုတ်စေတော့သည်။ သခင်ယေရှု မိန့်ကြား သည့် ပြည့်စုံခြင်းကို လောကအရာများဖြစ်သည့် ချမ်းသာကြွယ်ဝခြင်း၊ အခြေအနေ အဆင့်အတန်းများနှင့် မတိုင်းတာဘဲ၊ သိုးတို့အဖို့ မိမိအသက်ကိုစွန့်ပြီး (:၁၁)၊ ကျွန်ုပ်တို့၏နေ့စဉ်လိုအပ်မှုနှင့်တကွ ကျွန်ုပ်တို့ကို ဂရုပြုစောင့်ထိန်းသည့် ကောင်းသောသိုးထိန်းအား စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ကျေးဇူးတင်ခြင်း စိတ်သဘောနှင့် တိုင်းတာရာ၏။

ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ မွေ့လျော်သောအသက်တာသည် ပြည့်စုံသော အသက်တာဖြစ်သည်။ ကျွန်ုပ်တို့တစ်ယောက်ချင်းစီတိုင်းလည်း ရရှိနိုင်သောအရာလည်း ဖြစ်သည်။ JOHN BLASE