ယခုခေတ်နည်းပညာများသည် ကျွန်ုပ်တို့၏အာရုံကို အမြဲပင် ဆွဲဆောင်နေသည်။ လူတို့ သိလိုသည့် အချက်အလက်များစွာကို အင်တာနက်မှတစ်ဆင့် လက်ဖဝါးပေါ်၌ပင် ရှာဖွေ လေ့လာနိုင်သည်။ သို့သော် ထိုအချက်အလက်များရရှိရန် ရင်းရမည့်အရာများရှိသည်။

ပြင်ပတွင် ဖြစ်ပျက်နေသည့်အရာများကို သိရှိလိုသည့် ခေတ်ပေါ် စိတ်လှုံ့ဆော်မှု၊ မိမိလွတ်သွားသောအရာ၊ မသိရှိလိုက်သောအရာမရှိကြောင်းကို ဖော်ပြရန် စာရေးဆရာမ လင်းဒါစတုန်း က “စဉ်ဆက်မပြတ် အာရုံစူးစိုက်မှု တစ်စိတ်တစ်ပိုင်း” ဟူသောစကားစုကို ထွင်လိုက်သည်။ ၎င်းသည် နာတာရှည် ပူပန်သောက ဝေဒနာကို ဖြစ်စေသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

တမန်တော်ကြီးရှင်ပေါလုသည် အခြားသော စိတ်ပူပန်စရာများနှင့် ရုန်းကန်လှုပ်ရှားနေရသော်လည်း ကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် ဘုရားသခင်ထံမှ ငြိမ်သက်မှုကို ရှာဖွေနေကြောင်းကို သူသိသည်။ ထို့ကြောင့် ညှဥ်းပန်း နှိပ်စက်ခြင်းခံရသော ယုံကြည်သူလူသစ်များထံသို့ ပေးပို့သော စာတွင် (၁ သက် ၂:၁၄)၊ ရှင်ပေါလုက ယုံကြည်သူများအား “အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိရန်၊ မခြားမလပ် ဆုတောင်းပတ္ထနာပြုကြရန်၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းရန်” တိုက်တွန်းထားသည် (၅:၁၆-၁၈)။

“စဉ်ဆက်မပြတ်” ဆုတောင်းရခြင်းက စိတ်ပျက်စရာဖြစ်ကောင်း ဖြစ်မည်။ သို့သော် ကျွန်ုပ်တို့ ဖုန်းကို မကြာခဏစစ်၊ မကြာခဏကြည့်ကြသည်ဖြစ်ရာ၊ ထိုကဲ့သို့ ဖုန်းကြည့်ခြင်းထက် ဘုရားသခင်နှင့်မကြာခဏ စကားပြောခြင်းက ပိုမကောင်းပေဘူးလား။

ဘုရားသခင်ထံ အာရုံပြု မျက်မှောက်ပြုလျက် မိမိ၏လိုအပ်မှုအတွက် အသိစိတ်ဖြင့် စဉ်ဆက်မပြတ်တောင်းလျှောက်တတ်သွားလျှင် ဘာဖြစ်လာမည်နည်း။ ၎င်းက ပို၍အရေးကြီးပါသည်။ ကျွန်ုပ်တို့နေ့စဉ်လျှောက်လှမ်းသော ဘဝအသက်တာတွင် သခင်ခရစ်တော်၏ဝိညာဉ်တော်အပေါ် ယုံကြည်ကိုးစားခြင်းဖြင့် ကောင်းကင်ဘုံရှင်အဘ ဘုရားသခင်အား အပြည့်အဝ အာရုံစူးစိုက်တတ်အောင် လေ့လာသင်ယူနိုင်ပါသည်။ ADAM HOLZ