ဇန်နဝါရီလ၏နံနက်ခင်းတစ်ခုတွင် ကျွန်မသည် အိပ်ယာမှနိုးထလာပြီး အပတ်ပေါင်း များစွာ ကျွန်မကိုကြိုဆိုခဲ့သည့်ဆောင်းရာသီမြင်ကွင်း – နှင်းများကြားမှ ထိုးထွက်လျက်ရှိသော ညိုပြာပြာမြက်ခင်းခြောက်များ၊ မီးခိုးရောင်ကောင်းကင်၊ အရိုးပြိုင်းပြိုင်းသစ်ပင်များ ပါဝင်သည့် မှိုင်းပြပြတောင်တန်းများကိုသာ မြင်ရမည်ဟု ထင်မိသည်။ သ​ို့သော် မထင်မှတ် သည့်အရာသည် ညတွင်းချင်းပင် ပြောင်းလဲသွားသည်။ မြေတစ်ပြင်လုံးတွင် ဆီးနှင်းခဲများ ဖုံးလွှမ်းလျက် အသက်မဝင်ထိုင်းမှိုင်းသော တောင်တန်းကြီးက နေအလင်းရောင်အောက် တွင် တင့်တယ်လှပစွာ တောက်ပလျက် ကျွန်မ၏မျက်လုံး များပင် စူးရှသွားသည်။

တစ်ခါတစ်ရံ ကျွန်မတို့သည် ယုံကြည်ခြင်းမရှိသည့် စိတ်ဖြင့် ပြဿနာများကို ရှုမြင်တတ်သည်။ နေ့စဉ် နံနက်တိုင်း ရောဂါဖိစီးမှု၊ ကြောက်ရွံ့မှု၊ စိတ်ဆင်းရဲမှုများက ကျွန်မတို့ကို ကြိုဆိုနေလိမ့်မည်ဟု မျှော်လင့်နေတတ်ပြီး တစ်မူထူးခြားသောအရာလည်း ဖြစ်လာနိုင်သည်ကို သတိမမူမိကြပါ။ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ပြန်လည်ကျန်းမာခြင်းအခွင့်၊ ကြီးပွားခြင်း အခွင့်နှင့် အောင်မြင်ခြင်းအခွင့်တို့ ရရှိနိုင်ကြောင်းကို ကျွန်မတို့ မမျှော်လင့်ကြပါ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်တစ်ပါးတည်းသာ ကျွန်မတို့၏အခက်အခဲများကို ကူညီ ဖြေရှင်းနိုင်သည်ဟု သမ္မာကျမ်းစာ၌ ဆိုထားသည်။ ကိုယ်တော်သည် ကျိုးပဲ့ပျက်စီးနေသော နှလုံးသားများကို ပြန်လည်ပြုပြင်ပေးသည်။ ချည်နှောင်မှုများမှ လွတ်မြောက်စေသည်။ “ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညှိုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာ” (ဟေရှာ ၆၁:၃) အားဖြင့် ဝမ်းနည်း ကြေကွဲသူများကို နှစ်သိမ့်မှုပေးသည်။

၎င်းသည် ကျွန်မတို့ဒုက္ခရောက်စဉ် ဘုရားသခင်က အားပေးချီးမြှောက်ခြင်း မဟုတ်ပေဘူးလား။ ကျွန်ုပ်တို့အခက်အခဲနှင့်ရင်ဆိုင်ရချိန်တွင် ကိုယ်တော်သည် ကျွန်မတို့၏မျှော်လင့်ခြင်းဖြစ်သည်။ အဆုံးစွန်သော သက်သာငြိမ်းအေးမှုကိုရရန် ကောင်းကင်နိုင်ငံသို့ ဝင်စားရမည့်အချိန်ကို စောင့်စားနေရသည့်တိုင် ကိုယ်တော်သည် ကျွန်မတို့နှင့် အတူရှိနေပြီး ခွန်အားပေးနေသည်။ မကြာခဏဆိုသလို သူ့ကိုယ်သူ ထင်ရှားပြနေသည်။ ကျွန်မတို့၏ ဘဝခရီးလမ်းတွင် “ပြင်းထန်နာကျင်စွာ ခံစားရစဉ် ကိုယ်တော်၏ဘုန်းတော်ကို တွေ့ရှိရပြီး ကျွန်ုပ်အလွန်စိတ်လှုပ်ရှားဝမ်းမြောက်မိပါ၏” ဟူသော သူတော်စင် သြဂတ်စတင်း၏ စကားကို ကျွန်မတို့နားလည်သဘောပေါက်နိုင်ကြပါစေ။ JENNIFER BENSON SCHULDT