တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်တွင် နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားခြင်း၊ တောမီးလောင်ခြင်းတို့ကို ကြုံတွေ့ရပြီးနောက် ထိုပြည်နယ်တွင် နေထိုင်သူများက ၎င်းသည် ဘုရားသခင်၏ လုပ်ရပ်ဖြစ်သည်ဟု ထင်မြင်ကြသည်။ ထိုဘေးဒုက္ခသည် သန့်ရှင်းသောမီး ဖြစ်သည်ဟု သတင်းများ၌ ​ဖော်ပြ​သောအခါ မနှစ်မြို့ဖွယ် ထိုထင်မြင်ချက်က ပြန်အသက်ဝင် လာသည်။ ထိုဒေသနှင့် အကျွမ်းတဝင် မရှိသူများ​ အနေဖြင့် ၎င်းသည် “Holy Jim Canyon” ဒေသကို ရည်ညွှန်း ကြောင်း မသိကြပေ။ “Holy Jim” သည် မည်သူနည်း။ ဒေသခံသမိုင်းအရ ထိုသူသည် ၁၉ ရာစု က ပျားမွေးမြူသူ ဖြစ်ပြီး ဘာသာရေး မကိုင်းရှိုင်းသည့်အပြင် ဘုကန့်လန့်သမား၊ လူ့ဂွစာဖြစ်သည်။ ထို့ကြောင့် သူ့ကို သရော်သည့်အနေဖြင့် အိမ်နီးနားချင်းများက ထိုသို့ကင်ပွန်းတပ်ပေးခြင်း ဖြစ်သည်။

“သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ မီးနှင့်လည်းကောင်း” ဗတ္တိဇံပေးခြင်း ဟူ၍ နှစ်ခြင်းဆရာယောဟန် ရည်ညွှန်းသည်တွင် သူ့အကြောင်းနှင့်သူ၊ သူ့ရှင်းလင်းချက်နှင့်သူ ရှိသည်(လု ၃:၁၆)။ နောက်ကြောင်း ပြန်ကြည့်လျှင် ဆရာယောဟန်သည် ပရောဖက်မာလခိ ကြိုတင်မြင်မက် ခဲ့သော မေရှိယနှင့် သန့်ရှင်းသောမီးအကြောင်းကို တွေးတောမိခြင်းကြောင့် ဖြစ်ကောင်း ဖြစ်လိမ့်မည် (မာလ ၃:၁-၃၊ ၄:၁)။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် သခင်ယေရှု၏
တပည့်တော်များအပေါ်သို့ မုန်တိုင်းကဲ့သို့၊ မီးလျှာကဲ့သို့ ဆင်းသက်လာပြီးနောက်မှသာလျှင် မာလခိနှင့် ယောဟန်တို့ ပြောဆိုသော စကားများက ရှင်းလင်းသွားသည်(တ ၂:၁-၄)။

ဆရာယောဟန်ကြိုတင်ပြောခဲ့သည့် မီးသည် အများသူငှာ မျှော်မှန်းထားသလို မဟုတ်ပါ။ မီးလျှာသည် ဘုရားသခင်၏လုပ်ရပ်အစစ်အမှန်ဖြစ်သည့်အတိုင်း မေရှိယနှင့် သန့်ရှင်းသောမီး အကြောင်းကို ထုတ်ဖော်ကြွေးကြော်စေသော ရဲရင့်ခြင်းခွန်အားနှင့်အတူ ဆင်းသက်ခဲ့သည်။ သခင်ယေရှု၏ဝိညာဉ်သည် ကျွန်ုပ်တို့၏အလဟဿ စွမ်းဆောင်မှု များကို ဝါးမြိုသွားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသီးအပွင့်များဖြစ်သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းစသည်တို့က ဝင်ရောက် နေရာယူပါသည် (ဂလာ ၅:၂၂-၂၃ ကို ကြည့်ပါ)။ ၎င်းသည် ဘုရားသခင်က ကျွန်ုပ်တို့အထဲ၌ လုပ်ဆောင် ပြုပေးလိုသည့် အရာပင် ဖြစ်သည်။ MART DEHAAN