သူမ၏ဖခင်က သူခံစားနေရသောရောဂါသည် မကောင်းဆိုးဝါးကြောင့်ဖြစ်သည်ဟု အပြစ်တင်သည်။ ထိုရောဂါသည် AIDS ဖြစ်သည်။ သူ့ဖခင်သေဆုံးပြီးနောက် အသက် ၁၀ နှစ်အရွယ် သမီးလေး မာစီ သည် မိခင်နှင့်ပို ၍နီးကပ်မှုရှိလာသည်။ သို့သော် သူ၏ မိခင်သည်လည်း ဖျားနားလျက်ရှိပြီး နောက် ၃ နှစ်အကြာတွင် သေဆုံးသွားတော့သည်။ ထိုအချိန်မှစ၍ မာစီ၏အမက သူတို့၏မွေးချင်း ၅ ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်လာရသည်။ လောကကြီးတွင်ပြင်းထန်စွာခံစားရသည့် အကြောင်းအရာများကို သူမသည် ထိုအချိန်မှစတင်ပြီး ရေးမှတ်ထားခဲ့သည်။

ထိုနည်းတူ ပရောဖက်ယေရမိသည် သူနာကျင်စွာ ခံစားရသည့်မှတ်တမ်းများကို သိမ်းဆည်းခဲ့သည်။ စိတ်မကောင်းစရာ သူ၏မြည်တမ်းခြင်းစာစောင်တွင် ဗာဗုလုန် စစ်တပ်များက ယုဒလူမျိုးတို့အား ရက်စက် ကြမ်းတမ်းစွာ ပြုမူခြင်းများကို ထည့်သွင်းရေးသားထားသည်။ အထူးသဖြင့် ထိခိုက်နာကျင်ခံစားရသည့် သူငယ်များအတွက် သူစိတ်မသက်မသာ ဖြစ်မိသည်။ “ကျွန်ုပ်၏အသည်းလည်း မြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌ အားပျက်လျက် နေကြ၏” ဟု အော်ဟစ်ခဲ့သည် (၂:၁၁)။ ယုဒတို့၏သမိုင်းတွင် ဘုရားသခင်ကို ဂရုမစိုက်ဘဲ နေခဲ့သည့် အချိန်ရှိခဲ့ပြီး သူတို့၏သားသမီးများသည် ထိုအပြစ်ကြွေးကို ပြန်ဆပ် နေရသည်။ “အမိရင်ခွင်၌ မိမိအသက်ကို သွန်းခဲ့ရသည်” ဟု ယေရမိရေးမှတ်ခဲ့သည် (:၁၂)။

ထိုသို့ ကြုံတွေ့ရခြင်းကြောင့် ယေရမိသည် ဘုရားသခင်ကို ငြင်းပယ်လိမ့်မည်ဟု ကျွန်ုပ်တို့ ထင်ကောင်းထင်မိမည်။ ထိုသို့မဟုတ်ဘဲ “ထာဝရဘုရား၏ မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသောလမ်းဝမှာ အားပျက် လျက်နေသော သင်၏သူငယ်တို့ကို အသက်ချမ်းသာစေခြင်းငှာ အထံတော်သို့ သင်၏ လက်ကို ချီဆန့်လော့”ဟု အသက်ဘေးမှ လွတ်မြောက်သူတို့အားတိုက်တွန်းခဲ့သည် (:၁၉)။

မာစီလေးနှင့် ယေရမိတို့ ပြုသကဲ့သို့ ကျွန်ုပ်တို့၏နှလုံးသားကို ဘုရားသခင်ထံ သွန်းလောင်းခြင်းက အလွန်ကောင်းသည်။ ညီးတွားမြည်တမ်းခြင်းသည် လူ့ဘဝ၏ အရေးပါသောကဏတစ်ခုပင် မဟုတ်ပါလား။ ဘုရားသခင်က ကျွန်ုပ်တို့အား နာကျင်ခံစားစေသော်လည်း ကျွန်ုပ်တို့နှင့်အတူ စိတ်နာကျင်ခဲ့ရသည်။ ကျွန်ုပ်တို့ကိုသူ၏သဏ္ဌာန်တော် နှင့်အညီ ဖန်ဆင်းထားသဖြင့် ကိုယ်တော်လည်း စိတ်မသာညီးတွား မြည်တမ်းပါလိမ့်မည်။ TIM GUSTAFSON