“ဒီအလုပ်တွေအားလုံးပြီးအောင် ဘယ်လိုလုပ်ရမလဲ မသိ​တော့ဘူး” ဟု ကျွန်မ ခေါင်းကို ငုံ့ပြီး သက်ပြင်းချလိုက်သည်။ “မင်းကိုယ်မင်း အမှတ်ပြည့်ပေးလိုက်စမ်းပါကွာ။ မင်းအလုပ်တွေ အများကြီးပြီးပါတယ်” ဟု ကျွန်မသူငယ်ချင်း၏အသံပြာပြာကို ဖုန်းမှ ကြားလိုက်ရသည်။ ကျွန်မကြိုးစား၍ လုပ်ဆောင်နေသောအလုပ်များဖြစ်သည့် – ကျန်းမာစွာ ရှင်သန်နေထိုင်ခြင်း၊ အလုပ်ကြိုးစားလုပ်ခြင်း၊ အရည်အချင်း ပြည့်မီစွာဘွဲ့ရခဲ့ခြင်း၊ စာရေးသည့်အလုပ်ကို ​ကောင်း​စွာ လုပ်ဆောင်ခြင်း၊ ကျမ်းစာသင်တန်းတက်ခြင်း စသည်တို့ကို သူရွတ်ပြသည်။ ထိုအလုပ် အားလုံးကို ဘုရားအတွက် ဆက်ကပ်လုပ်ဆောင်ချင်ပါသည်။ သို့သော် ထိုအလုပ်များကို မည်သို့လုပ်ရမည်ထက် လုပ်ရမည့်အရာများကိုသာလျှင် ပို၍ အာရုံစိုက်မိခဲ့သည်။ အလုပ်ပိုပြီး​အောင် ပိုကြိုးစားနေခြင်းလည်း ဖြစ်မည်။

ရှင်ပေါလုက ကောလောသဲအသင်းတော်အား ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရေးအတွက် အသက်ရှင် နေထိုင်သွားကြရန် သတိပေးခဲ့သည်။ နေ့စဉ်နေ့တိုင်းတွင် မည်သည့်အရာကို လုပ်ဆောင်ခြင်းထက် သူတို့ မည်ကဲ့သို့ အသက်ရှင်ခြင်းက ပို၍အရေးကြီးသည်။ သူတို့ လုပ်ဆောင်သော အလုပ်အပေါ်တွင် “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း” ဖြင့် လုပ်ဆောင်ရမည့်အပြင် (ကော ၃:၁၂) အချင်းချင်းသည်းခံ၍ အပြစ်ကို လွှတ်ရန်နှင့် ထိုထက်မက ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ရန် (:၁၃-၁၄)၊ “သခင်ယေရှု၏နာမတော်ကိထောက်၍ခပ်သိမ်းသောအမှုတို့ကိုပြုရန်” (:၁၇) တိုက်တွန်း ထားသည်။ သူတို့၏လုပ်ဆောင်မှုသည် ခရစ်တော်နှင့်တူသည့်အသက်ရှင်ခြင်း နှင့် သွေဖီ၍ မသွားစေရပါ။

ကျွန်မတို့ မည်ကဲ့သို့လုပ်ဆောင်သည်၊ အဘယ့်ကြောင့် လုပ်ဆောင်ရသည်၊ မည်သူ့အတွက် လုပ်ဆောင်ပေးသည် စသည့်အချက်များက ပို၍အရေးကြီးပါသည်။ နေ့စဉ် ပင်ပန်းဖိစီးမှုနှင့် အလုပ်လုပ်မည်လား၊ ဘုရားသခင်ကို ချီးမြှောက်လျက် သခင်ယေရှုရည်ညွှန်းသော အလုပ်၏အဓိပ္ပာယ်ကို ရှာ၍ အလုပ်လုပ်မည်လား၊ ကျွန်မတို့ နေ့စဥ်ရွေးချယ်နိုင်ပါသည်။ ဒုတိယအချက်ကို ရွေးချယ်လုပ်ဆောင်သောအခါ စိတ်ကျေနပ်မှုကို ရလိမ့်မည် ဖြစ်သည်။ JULIE SCHWAB