၁၉၉၄ ခုနှစ်တွင် နှစ်လအတွင်း ရဝမ်ဒါနိုင်ငံ၌ ဟူတူလူမျိုးစုက တစ်နိုင်ငံသားချင်းဖြစ်သည့် တွတ်စီလူမျိုးစု တစ်သန်းထက်မနည်းကို သတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ဘုန်းတော်ကြီး ဂျက်ဖရီ ဝူဘူစီစီသည် သူ၏ဇနီးအား မိမိချစ်ရသူများအသတ်ခံရသည့် အမျိုးသမီးထံသို့ သွားရောက်လည်ပတ်ပြီး အားပေးရန်ပြောသည်။ မေရီ က “ကျွန်မငိုပဲ ငိုချင်တော့တယ်” ဟုပြောသည်။ သူမသည် သူချစ်သော မိသားစုဝင်ကို ဆုံးရှုံးခံထားရသူ ဖြစ်သည်။ ထက်မြက်ပြီး
ဂရုတစိုက်ရှိသောခင်ပွန်းတစ်ဦးအနေဖြင့် “မေရီ၊ အမျိုးသမီးတွေကို စုစည်းပြီး အတူတကွ ငိုကြွေးကြပါလား” ဟု ဘုန်းတော်ကြီးက တိုက်တွန်းသည်။ သူ့ဇနီး၏နာကျင်ခံစားရ မှုသည် အခြား သူများ၏နာကျင်မှုကို မျှဝေခံစားနိုင်သည့်အကြောင်းဖြစ်သည်ကို ဘုန်းတော်ကြီးသိနေသည်။

အသင်းတော်သည် ကောင်းသည့်အရာဖြစ်စေ၊ မကောင်းတစ်ကောင်း အရာဖြစ်စေ အားလုံးကို ဘုရားသခင်၏ မိသားစုဝင်တို့နှင့် အတူတကွမျှဝေ ခံစားနိုင်သည့်နေရာ ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင်ပါသည့် “တစ်ဦးကိုတစ်ဦး” ဟူသည့်စကားလုံးသည် ကျွန်ုပ်တို့ တစ်ဉီးနှင့်တစ်ဦးအပြန်အလှန် အမှီသဟဲပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်။ “ညီအစ်ကို ချစ်ခြင်းအရာမှာ ပကတိပေါက်ဘော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက်စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။ …အချင်းချင်း စိတ်သဘော တညီတညွတ်တည်း ရှိကြလော့” (ရော ၁၂:၁၀၊ ၁၆)။ “ဝမ်းမြောက်သော သူတို့နှင့်အတူ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့” ဟူ၍ ကျွန်ုပ်တို့၏ဆက်နွယ်ပတ်သက်မှုကို ဖော်ပြသည် (:၁၅)။

ကျွန်ုပ်တို့ ခံစားနေရသောနာကျင်မှုများသည် လူမျိုးတုံးသတ်ဖြတ်ခြင်းကို ခံရသောသူများနှင့် နှိုင်းယှဉ်လျှင် သေးငယ်ကောင်းသေးငယ်လိမ့်မည်။ သို့သော် မေရီ၏ နာကျင်ခံစားမှုနှင့်စပ်လျဥ်း၍ ဘုရားသခင် ကျွန်ုပ်တို့အတွက် ပြုပေးခဲ့သည့်အမှုကို ဆင်ခြင်ကိုင်စွဲမျှဝေခြင်းက အခြားသူများအတွက် နှစ်သိမ့်သက်သာမှုနှင့် ကောင်းကျိုးကို ဖြစ်စေနိုင်ပါသည်။ ARTHUR JACKSON