၁၇ ရာစုတွင် ဆာအိုင်းဇက်နယူတန်သည် သုံးမြှောင့်ဖန်တုံးကို အသုံးပြုပြီး မတူညီသော အရောင်များကို မြင်နိုင်အောင် အလင်းက မည်သို့အထောက်အကူပေးသည်ကို လေ့လာ ခဲ့သည်။ အရာဝတ္ထုတစ်ခုတွင် အလင်းဖြတ်သွားသောအခါ ထိုအရာဝတ္ထုတွင် တိကျသောအရောင်တစ်မျိုးမျိုးရှိကြောင်း သူတွေ့ရှိခဲ့သည်။ ခရစ္စတယ်ရေခဲတုံး (ရေခဲပုံဆောင်ခဲ)တစ်တုံးသည် အလင်းဖောက်နိုင်သောအရာတစ်ခုဖြစ်ပြီး နှင်းများသည် ခရစ္စတယ်ရေခဲတုံးများစွာဖြင့် စုပေါင်းဖွဲ့စည်း ထားသည်။ အလင်းသည် ထိုခရစ္စတယ်တုံးများကို ဖြတ်သွား သောအခါ နှင်းများကို အဖြူရောင်အဖြစ် မြင်တွေ့ရပါသည်။

သမ္မာကျမ်းစာတွင်လည်း အပြစ်သည် မည်သို့သောအရောင်ရှိကြောင်းကို ဖော်ပြထားသည်။ ဘုရားသခင်သည် ပရောဖက် ဟေရှာယအားဖြင့် ယုဒလူမျိုးများ၏အပြစ် အကြောင်းကို ပြောပြီး သူတို့၏အပြစ်များသည် နီသောအဆင်းအရောင်ရှိပြီး ကတ္တီပါနီ အရောင်နှင့်အမျှ နီကြောင်းကို ပြောထားသည်။ သို့သော် ဘုရားရှင်က မိုးပွင့်ကဲ့သို့ ဖြူစင် စေမည်ဟု ကတိတော် ပေးခဲ့သည် (ဟေရှာ ၁:၁၈)။ မည်ကဲ့သို့ ဖြူစင်စေမည်နည်း။ ယုဒလူ တို့သည် မတရားသောအမှုပြုခြင်းများမှလှည့်ပြန်ကာ ထာဝရဘုရားရှင်၏ ခွင့်လွှတ်ခြင်းကို တောင်းခံရန် ဖြစ်သည်။

ဘုရားရှင်၏ခွင့်လွှတ်ခြင်းကိုရပြီး ရှေ့မှောက်တော်သို့ အမြဲတမ်း၀င်ခွင့် ရရှိခြင်း အတွက် သခင်ယေရှုကို ကျေးဇူးတင်ပါသည်။ သခင်ယေရှုက သူ့ကိုယ်သူ လောက၏ အလင်း ဟု ခေါ်ဆိုပြီး၊ သူ့နောက်လိုက်သူများသည် “မှောင်မိုက်၌ မသွားမလာ။ အသက်၏ အလင်းကို ရလိမ့်မည်” ဟု မိန့်တော်မူခဲ့သည် (ယော ၈:၁၂)။ မိမိတို့၏အပြစ်များကို ဝန်ချ တောင်းပန်သောအခါ ဘုရားရှင်သည် ကျွန်ုပ်တို့၏အပြစ်များကိုလွတ်ပြီး၊ ကားတိုင်ပေါ်မှ ခရစ်တော်၏စွန့်လွှတ်အသေခံခြင်း အလင်းအားဖြင့် ကျွန်ုပ်တို့ကို ရှုမြင်သည်။ အဓိပ္ပာယ်မှာ ဘုရားရှင် ကျွန်ုပ်တို့ကို ကြည့်သောအခါ အပြစ်တင်ခွင့်နှင့်ကင်းသော သခင်ယေရှုကို မြင်သကဲ့သို့ ကျွန်ုပ်တို့ကို မြင်ပါသည်။

မိမိပြစ်မှားပြုခဲ့သောအမှားများအတွက် အပြစ်ရှိသည့် စိတ်ခံစားချက်နှင့် ကြောက်ရွံ့ခြင်းထဲ နှစ်မြှုပ်နေစရာ မလိုတော့ပေ။ ထိုသို့ဖြစ်မည့်အစား ကျွန်ုပ်တို့ကို နှင်းပွင့် ကဲ့သို့ ဖြူစင်စေသော ဘုရားရှင်၏ခွင့်လွှတ်ခြင်းသမ္မာတရားကို စွဲကိုင်ရပ်တည်နိုင်ပါသည်။ LINDA WASHINGTON