လူရော၊ စိတ်ရော ပင်ပန်းနွမ်းလျစွာဖြင့် ပက်လက်ကုလားထိုင်ပေါ် ကျွန်မထိုင်ချလိုက် သည်။ ဘုရားရှင်၏ဦးဆောင်မှုဖြင့် ကယ်လီဖိုးနီးယား မှ ဝစ်ကွန်စင်းသို့ ကျွန်မတို့မိသားစု ပြောင်းရွေ့ခဲ့ကြသည်။ ထိုနေရာသို့ရောက်ရှိပြီးနောက် ကားပျက်သွားသဖြင့် ၂ လခန့် ကားမရှိဘဲ နေခဲ့ရသည်။ ထိုအတောအတွင်း ကျွန်မခင်ပွန်းမှာ မမျှော်လင့်ဘဲ ခါးခွဲစိတ်ခဲ့ရ သောကြောင့် ကောင်းမွန်စွာ မလှုပ်ရှားနိုင်သည့်အထဲ ကျွန်မ၏ နာတာရှည် နာကျင်ခြင်းဝေဒနာပြန်ထသဖြင့် ပစ္စည်းနေရာ ချသည့်အလုပ်အတွက် ကသိကအောက်ဖြစ်ရသည်။ ကျွန်မတို့ အတွက် နေရာသစ်ဖြစ်သော အိမ်ဟောင်းပြင်ဆင်မှုက ကုန်ကျမှုများခဲ့သည်။ ကျွန်မတို့၏ခွေးအိုကြီးလည်း ရောဂါခံစားနေရ သည်။ ခွေးပေါက်အသစ်လေးက ပျော်ရွှင်မှုများ ပေးသော်လည်း ၎င်းကို ကျွေးမွေးစောင့်ရှောက်ရခြင်းမှာ ထင်ထားသည်ထက်ပင် ပိုပြီး အလုပ်ရှုပ်သည်။ ကျွန်မ အလွန် စိတ်ပျက်ခဲ့သည်။ ဤကဲ့သို့ ခက်ခဲလှသည့်ဘ၀လမ်းတွင် ခရီးနှင်နေရစဥ် မယိုင်လဲသော ယုံကြည်ခြင်းမျိုးကို မည်သို့ ရရှိနိုင်မည်နည်း။

ကျွန်မဆုတောင်းသောအခါ ဘုရားရှင်က အခြေအနေပေါ်တွင် မမူတည်သော ဆာလံဆရာ၏ချီးမွမ်းခြင်းကို သတိပေးအမှတ်ရ စေသည်။ ဒါဝိဒ်သည် သူ့စိတ်ခံစားချက်များ၊ အားနည်းချက်များကို ဖွင့်ချကာ ဘုရားရှင်၏ မျက်မှောက်တော်သို့ တိုးဝင်ခိုလှုံခဲ့သည် (ဆာ ၁၆:၁)။ ဘုရားရှင်ကို မိမိအား ထောက်ပံ့စောင်မပေးသူ၊ ကာကွယ်ပေးသူအဖြစ် အသိအမှတ်ပြုခဲ့သည်(:၅-၆)။ ကိုယ်တော့်ကို ချီးမွမ်းကာ သူ့ထံမှ အကူအညီကို ရယူခဲ့သည်(:၇)။ ဒါဝိဒ်က သူသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြုသောကြောင့် လှုပ်ရှား “တုန်လှုပ်ခြင်းမရှိ”ဟု အခိုင်အမာဆိုခဲ့သည် (:၈)။ ထို့ကြောင့် အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ယာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါသည် (:၉-၁၁)။

ထို့အတူ မိမိ၏ငြိမ်သက်ခြင်းသည် အခြေအနေပေါ်တွင် မူမတည်ကြောင်း သိရှိခြင်းဖြင့် ကျွန်မတို့ဝမ်းမြောက်နိုင်ပါသည်။ ယနေ့နှင့်နောင်ကာလ ပြောင်းလဲတော် မမူသော ဘုရားရှင်အား ကျေးဇူးတင်လျက် သူ့မျက်မှောက်တော်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်မာစေမည်ဖြစ်သည်။ XOCHITL DIXON