ကမ္ဘာ့စီးပွားရေးကပ်ဆိုက်သည့်ကာလများအတွင်း ကြီးပြင်းလာရသည့် ကျွန်မ၏မိဘ များသည် ကလေးဘဝတွင် နက်ရှိုင်းသောဆင်းရဲဒုက္ခကို သိရှိခဲ့သည်။ ထို့ကြောင့် ရလဒ်အဖြစ် သူတို့သည် အလုပ်ကြိုးစားပြီး ကျေးဇူးသိတတ်သောဘဏ္ဍာစိုးများ ဖြစ်လာကြသည်။ သို့သော် သူတို့သည် ဘယ်တော့မှ အလိုရမ္မက်၊ လောဘ မရှိကြပေ။ သူတို့၏အချိန်၊ စွမ်းရည်နှင့် ငွေကြေးဥစ္စာများကို ဘုရားကျောင်း၊ ပရဟိတအဖွဲ့များနှင့် ချို့တဲ့သူများအတွက် ပေးကမ်းခဲ့ကြသည်။ စင်စစ် သူတို့သည် ငွေကြေးကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ခဲ့ပြီး ဝမ်းမြောက်စွာ ပေးကမ်း နိုင်ခဲ့ကြသည်။

သခင်ယေရှု၌ ယုံကြည်သူများဖြစ်သည့် ကျွန်မ၏ မိဘများသည် တမန်တော်ရှင်ပေါလု၏သတိပေးချက်ကို နှလုံးသွင်း ခံယူသည်။ “ငွေရတတ်ခြင်းငှာ အလိုရှိသောသူ တို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများ ထဲသို့ ကျရောက်တတ်၏။ ထိုသို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်း တတ်ကြ၏” (၁ တိ ၆:၉)။

ဧဖက်မြို့၏ကြွယ်ဝမှုစည်းစိမ်က လူအပေါင်းတို့ကို သွေးဆောင်ပေရာ၊ ထိုမြို့မှ ငယ်ရွယ်သောသင်းအုပ် တိမောသေအား ရှင်ပေါလုက ဤသို့ အကြံပေးခဲ့သည်။ “ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့၏ မူလအမြစ် ဖြစ်သတည်း။ “လူအချို့ တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှ ဝေးသွား၍ ပူပန်ခြင်း ဝေဒနာများနှင့် ကိုယ့်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ” (:၁၀) ဟု သတိပေးခဲ့သည်။

သို့ဆိုလျှင် လောဘစိတ်အတွက် မည်သည့်ဖြေဆေး ရှိပါသနည်း။ ဘုရားသခင်၌ ကြွယ်ဝခြင်းက အဖြေဖြစ်ကြောင်း သခင်ခရစ်တော် မိန့်ကြားခဲ့သည် (လု ၁၂:၁၃-၂၁)။ အရာခပ်သိမ်းထက် ကောင်းကင်ဘုံရှင်အဘဘုရားနောက် လိုက်လျှောက်ခြင်း၊ သူ့အား ချစ်ခြင်း၊ ကျေးဇူးတင်မြတ်နိုးခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်မတို့အတွက် ဝမ်းမြောက်ခြင်း၏ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိသည်။ ဆာလံဆရာက “အကျွန်ုပ် တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ၊ သို့ပြုလျှင် တစ်သက်လုံး ဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်” (ဆာလံ ၉၀:၁၄ )ဟု ရေးသားခဲ့သည်။

ထာဝရဘုရား၌ နေ့စဉ်ဝမ်းမြောက်ခြင်းသည် ကျွန်မတို့အား ရောင့်ရဲစေပြီး အလိုရမ္မက်ကြီးခြင်းမှ လွတ်မြောက်စေသည်။ သခင်ယေရှု၊ မိမိ၏နှလုံးသားလိုအင်ဆန္ဒ များမှ ကျွန်မတို့ကို ရွေးနှုတ်ပြီး ထာဝရဘုရား၌ ကြွယ်ဝစေတော်မူပါ။ PATRICIA RAYBON