မတ်စောက်သည့်တောင်ကမ်းပါးယံအစွန်းမှ ကားကိုဆွဲတင်ပြီး မတော်တဆမှု ဖြစ်စေသည့် ကားဘီးရာလမ်းကြောင်းကို စစ်ဆေးပြီးနောက် ဆွဲကားမောင်းသူက “အခု မင်းဒီမှာ ရှိမနေသင့်ဘူး။ ဟိုးအပေါ်မှာရှိနေတဲ့သူတစ်ယောက်က မင်းကို ရှာနေ တယ်” ဟု ကျွန်တော့်အမေကို ပြောလိုက်သည်။ ထိုအချိန်တွင် အမေက ကျွန်တော့်ကို ကိုယ်ဝန်ဆောင်ထားသည်။ ကျွန်တော်ကြီးပြင်းလာသည့်အခါ ထိုနေ့က ဘုရားသခင် သည် ကျွန်တော်တို့နှစ်ဦးကို မည်သို့ကွယ်ကာခဲ့သည့်အကြောင်းကို အမေက မကြာခဏပြန်ပြောင်းပြောပြပြီး ကျွန်တော်မမွေးမီ ကတည်းကပင် ဘုရားသခင်သည် ကျွန်တော့်ကိုတန်ဖိုးထားကြောင်း အမေက စိတ်ချမှုပေးခဲ့သည်။

မည်သူတစ်ဦးတစ်ယောက်မျှ အလုံးစုံကိုသိကျွမ်းတော်မူသော ဖန်ဆင်းရှင်၏ အာရုံစိုက်ခြင်းမှ လွတ်သွားရိုး မရှိပါ။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဘုရားသခင်သည် ပရောဖက်ယေရမိအား “သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကို ငါသိပြီ” ဟု မိန့်ကြားခဲ့သည် (ယေ ၁:၅)။ ဘုရားသခင်သည် အခြားသူများ ကျွန်ုပ်တို့ကို သိကျွမ်းသည်ထက် ပိုမိုသိကျွမ်းပြီး၊ အခြားသူများနှင့်မတူဘဲ ကျွန်ုပ်တို့ကို ဘဝရည်မှန်း ချက်၊ ဘဝအဓိပ္ပာယ်တို့ကို ပေးစွမ်းနိုင်ပါသည်။ သူ၏ဉာဏ်ပညာနှင့် တန်ခိုးတော် အားဖြင့် ကျွန်ုပ်တို့ကိုဖန်ဆင်းသည်သာမက ကျွန်ုပ်တို့၏နှလုံးခုန်ခြင်းမှအစ အနုစိတ် ရှုပ်ထွေးလှသည့်ဦးနှောက်၏လုပ်ဆောင်မှုအထိ၊ မိမိမသိလိုက်သည့်အချိန်တိုင်းတွင် ဖြစ်ပေါ်နေသည့် ကျွန်ုပ်တို့၏အသေးစိတ်ကိစ္စများအပါအဝင် ကျွန်ုပ်တို့ဖြစ်တည်နေ သည့်အချိန်တိုင်းကိုလည်း အားဖြည့်ထောက်မပေးနေသည်။ ကျွန်ုပ်တို့၏ကောင်းကင် ဗိုလ်ခြေ အဘဘုရားက ကျွန်ုပ်တို့ဖြစ်တည်နေသည့်ကဏ္ဍတိုင်းကို မည်သို့ ဆုပ်ကိုင်ထား သည်ကိုဆင်ခြင်ပြီး ဒါဝိဒ်က “အို ဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏အကြံအစည် တို့သည် အလွန်ထူးဆန်းကြပါ၏” ဟူ၍ ကြွေးကြော်ခဲ့ပါသည် (ဆာ ၁၃၉:၁၇)။ကျွန်ုပ်တို့၏နောက်ဆုံးထွက်သက်ထက် ဘုရားရှင်သည် ကျွန်ုပ်တို့နှင့်နီးကပ်စွာရှိပါ၏။

ဘုရားရှင်သည် ကျွန်ုပ်တို့ကို ဖန်ဆင်း၏။ သိကျွမ်းပြီး ချစ်တော်မူ၏။ သူအား ကျွန်ုပ်တို့ အစဉ်ကိုးကွယ်ချီးမွမ်းထိုက်ပါ၏။ JAMES BANKS