ကြိုးကွင်းပစ် နွားရိုင်းစီးသည့်ပြိုင်ပွဲကို သင်သွားကြည့်ဖူးပါက လက်ချောင်း လေးချောင်းနှင့် လက်မရှိရမည့်နေရာတွင် အဖုလေးသာရှိနေသည့် ပြိုင်ပွဲဝင်များကို သင်တွေ့ရလိမ့်မည်။ အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာခြင်းက အဆန်းမဟုတ်ပါ။ လက်မသည် အစွန်းတစ်ဖက်ရှိကြိုးနှင့် အခြားတစ်ဖက်ရှိနွားရိုင်းတို့အကြားညှပ်ကာ များသော အားဖြင့် လက်မကိုဆုံးရှုံးရသည်။ အလုပ်မှနားလိုက်ရမည့် ထိခိုက်ဒဏ်ရာ မဟုတ်သော်လည်း လက်မတစ်ချောင်း မရှိခြင်းက အရာများစွာကို ပြောင်းလဲစေသည်။ လက်မကိုမသုံးဘဲ သွားတိုက်ခြင်း၊ ကြယ်သီးတပ်ခြင်း၊ ဆံပင်ဖြီးခြင်း၊ ဖိနပ်ကြိုး ချည်ခြင်း၊ အစာစာခြင်းတို့ကို စမ်းလုပ်ကြည့်ပါ။ ထိုလျစ်လျူရှုခံရသော သင့်ခန္ဓာကိုယ် အစိတ်အပိုင်းလေးက အရေးကြီးသောအခန်းကဏ္ဍတွင်ရှိနေပါသည်။

တမန်တော်ရှင်ပေါလုက အသင်းတော်အတွင်း အလားတူဖြစ်လာနိုင်သည်ကို ဖော်ပြထားသည်။ သိပ်ပြီးမထင်ရှား အသံမထွက်သည့် အသင်းသားများသည် အခြား သူများထံမှ “မင်းကို မလိုအပ်ဘူး” ဆိုသည့် တုံ့ပြန်မှုမျိုးကို တစ်ခါတစ်ရံတွင် ကြုံတွေ့ ရတတ်သည် (၁ ကော ၁၂ :၂၁)။ များသောအားဖြင့် ဤစကားကို မပြောကြသော်လည်း၊ ​ပြောပြန်တော့လည်း ဟိုးလေးတစ်ကြော်ပြောသည့်အချိန်လည်း ရှိပါသည်။

တစ်ဦးနှင့်တစ်ဦးဂရုပြုကာ လေးစားကြရန် ဘုရားသခင် ကျွန်ုပ်တို့ကို ခေါ်တော် မူ၏ (:၂၅)။ ကျွန်ုပ်တို့ ရရှိထားသောဆုကျေးဇူးမည်သို့ပင်ရှိပါလေစေ၊ ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် ခရစ်တော်၏ကိုယ်အင်္ဂါများဖြစ်ကြပြီး (:၂၇) ကျွန်ုပ်တို့တစ်ဦးကို တစ်ဦး လိုအပ်သည်။ ကျွန်ုပ်တို့ထဲမှအချို့သည် မျက်စိများ၊ နားများဖြစ်ပြီး အချို့မှာ လက်မများဖြစ်မည်။ တခါတရံ မထင်ရှားမပေါ်လွင်သော်လည်း မိမိမြင်သည် သိသည်ထက် ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော်၏ကိုယ်၌ အရေးကြီးသောအင်္ဂါ အစိတ်အပိုင်းများ ဖြစ်ကြပါသည်။ JOHN BLASE