အသင်းတော်၏အစီအစဉ်နှင့် ပြဇာတ်ဆန်ဆန်တင်ဆက်မှုများကြောင့် လူသိများ သော အသင်းတော်တစ်ခု၌ ဂျိုစေး သင်းအုပ်လုပ်နေသည်။ အဆင်ပြေနေသော်လည်း အသင်းတော်၏များမြှောင်လှသောအလုပ်များက စီးပွားရေးဆန်သွားမည်ကို သူစိုးရိမ် သည်။ မှန်ကန်သည့်အကြောင်းအရင်းများဖြင့် အသင်းတော်ကြီးထွားနေပါသလား (သို့) ၎င်း၏အစီအစဉ်များကြောင့် ကြီးထွားနေခြင်းလား။ ထိုအကြောင်းကို ဂျိုစေး သိရှိလို၍ အသင်းတော်၏အပိုလှုပ်ရှားမှုများကို တစ်နှစ် ပယ်ဖျက်ရပ်ဆိုင်းလိုက်သည်။ လူတို့ ဘုရားသခင်အားဝတ်ပြုကိုးကွယ်သည့် အသက်ရှင်သော ဗိမာန်တော်ဖြစ်ရေးကို သူ့အသင်းသားများ အာရုံစိုက်ရန်ဖြစ်သည်။

ဗိမာန်တော်၏ပြင်ပကန္နားပြင်၌ သခင်ယေရှုပြုခဲ့သည့်အမှုကို သတိမပြုမိမီ အချိန် အထိ ဆရာဂျိုစေး၏ဆုံးဖြတ်ချက်ကို တစ်ဖက်သတ်ဆန်လွန်းသည်ဟု သင်ထင်မိမည်။ ရိုးရှင်းသော ဆုတောင်းများနှင့်ပြည့်နေရမည့်သန့်ရှင်းသောနေရာသည် ဝတ်ပြုခြင်းကို ခုတုံးလုပ် စီးပွားရှာသော ပျားပန်းခတ်သည့်နေရာဖြစ်နေသည်။ “ဘုရားအလိုရှိတဲ့ နှင်းပန်းလို ဖြူဖွေးနေတဲ့ချိုးငှက်တွေ ရမယ်နော်” ဟု ဝယ်သူ ခေါ်နေသည့်စျေးသည်များ၏ စားပွဲများကို သခင်ယေရှုမှောက်လှန်ပစ်ပြီး ဝယ်သူများကိုလည်း တားဆီးပစ်သည်။ ထိုသူ တို့ ၏အပြုအမူကို အမျက်ထွက်ကာ ဟေရှာယ ၅၆ နှင့် ယေရမိ ၇ တို့ကို ကိုးကားပြီး “ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ခေါ်ဝေါ်ကြလတံ့။ သို့သော်လည်း သင်တို့ သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကား” (မာ ၁၁:၁၇) ဟု ပြောကြားခဲ့သည်။ ပြင်ပလူများ ဘုရားဝတ်ပြုကိုးကွယ်သည့် တစ်ပါးအမျိုးသားရင်ပြင်နေရာမှာ သူသူကိုယ်ကိုယ် ပိုက်ဆံရှာစားသောဈေးတန်းဖြစ်နေ၏။

စီးပွားရေးလုပ်ခြင်း၊ အလုပ်ရှုပ်ခြင်းက အမှားမဟုတ်ပါ။ သို့သော် ၎င်းသည် အသင်းတော်၏ အဓိကဦးတည်ချက် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသက်ရှင်သော ဗိမာန်တော်ဖြစ်ပြီး ကျွန်ုပ်တို့၏အဓိကအလုပ်မှာ ရှင်ယေရှုကို ကိုးကွယ် ရန် ဖြစ်သည်။ ရှင်ယေရှုပြုသကဲ့သို့ စားပွဲများကို မှောက်လှန်ပစ်ရန် မလိုသော်လည်း အလားတူပြုမူရန် ကျွန်ုပ်တို့ကို ကိုယ်တော်ခေါ်ကောင်းခေါ်တော်မူမည်။ MIKE WITTMER