ကျွန်မတို့၏မြေးငယ်လေးက လက်ပြနှုတ်ဆက်ရင်း ပြန်လှည့်လာကာ “သားတို့ ထွက်သွား တဲ့အထိ ဘာဖြစ်လို့ဆင်ဝင်မှာရပ်ပြီး ကြည့်နေတာလဲဘွားဘွား”ဟု မေးလာသည်။ ကျွန်မ သူ့ကိုပြုံးပြလိုက်ပြီး သူသည် အသက်ငယ်သေးသည့်အတွက် သူ့မေးခွန်းကို “ချစ်စရာ လေး”ဟု ထင်မိသည်။ သူလေး၏ပူပန်စိတ်ကို မြင်ရသော်လည်း အကောင်းဆုံး ကြိုးစား ဖြေပေးသည်။ “ဒါဟာ ယဉ်ကျေးမှုလောကဝတ်ဧည့်၀တ် ပြုတာလေ။ သားက ဘွားဘွားရဲ့ ဧည့်သည်ဆိုရင် သားတို့ပြန်သွားတာကို စောင့်ကြည့်တာဟာ သားကိုဂရုစိုက်တာကို ပြတာပဲ” ဟု ကျွန်မ သူ့ကိုပြောပြသည်။ ကျွန်မ၏အဖြေကို ချင့်ချိန်ကြည့်ရင်း သူစိတ်ရှုပ် သွားပုံပေါ်သည်။ သို့နှင့် ကျွန်မက “ဘွားဘွား အဲဒီလိုကြည့်တာဟာ သားကိုချစ်လို့ပေါ့။ သားတို့ ကားမောင်းထွက်သွားတာကိုကြည့်ပြီး သားတို့အိမ်ကို အန္တရာယ်ကင်းကင်း ပြန်ရောက်မယ်ဆိုတာသိလို့ပဲ” ဟု ပြောမှ သူပြုံးလာပြီး ကျွန်မကို ဖွဖွလေးလာဖက်သည်။

ကလေးအတွေးနှင့်သဘောပေါက်သွားပုံက ကောင်းကင်ဘုံရှင်အဘသည် သူ၏ အဖိုးတန်သားသမီး တစ်ယောက်စီတိုင်းကို စဉ်ဆက်မပြတ်ကြည့်ရှုနေကြောင်း ကျွန်မတို့ အားလုံး သတိရသင့်သည့်အချက်ကို ပြန်လည်သတိပေးနေသည်။ ဆာလံ ၁၂၁ ၌ ပြောထားသည့်အတိုင်း “ထာဝရဘုရားသည် သင့်ကိုစောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသော သင်ခိုလှုံရာအရိပ် ဖြစ်တော်မူ၏” (:၅)။

ဘုရားဝတ်ပြုရန် ယေရုရှလင်မြို့သို့လာစဥ် အန္တရာယ်များသောလမ်းများတွင် “နေ့အချိန်၌ နေအားဖြင့်လည်းကောင်း၊ ညအချိန်၌လအားဖြင့်လည်းကောင်း အထိအခိုက် မရှိရာ။ ထာဝရဘုရားသည် မကောင်းသောအမှုအရာအလုံးစုံတို့ကို ကွယ်ကာ၍ သင်၏ အသက်ကို စောင့်တော်မူလိမ့်မည်” (:၆-၇) ဟူသည့်အချက်က ဣသရေလဘုရားဖူးများ အတွက် စိတ်ချစရာပင်။ ထိုနည်းတူ ကျွန်ုပ်တို့ဘဝလမ်းကို တက်လှမ်းရာတွင် တစ်ခါတစ်ရံတွင် ဝိညာဉ်ရေးရာ ခြိမ်းခြောက်မှုများ၊ ထိခိုက်မှုများ တွေ့ကြုံရလျှင်“ထာဝရဘုရားသည် သင်၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကို … စောင့်တော်မူလိမ့်မည်။” အဘယ်ကြောင့်နည်း။ ဘုရားရှင်သည် ချစ်တော်မူသောကြောင့် “ယခုမှစ၍အစဉ်မပြတ်”စောင့်တော်မူလိမ့်မည် (:၈)။ PATRICIA RAYBON