ထိုင်းတိုက်ငါး ဖင်း ကို ကျွန်မတို့အိမ်၌ ၂နှစ်ခန့်မွေးခဲ့သည်။ ကျွန်မသမီးငယ်သည် ငါးကန်ထဲသို့ အစာများပစ်ချလိုက်ပြီးနောက် ငုံ့ကာ စကားများပြောနေတတ်သည်။ သူငယ်တန်းတွင် အိမ်မွေးတိရစ္ဆာန်လေးများအကြောင်းပြောသောအခါ သူက ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ဖင်း ကို သူ၏ကိုယ်ပိုင်ငါးဖြစ်ကြောင်းပြောပါသည်။ ​နောက်ဆုံး ဖင်း လေးသေသွားသောအခါ သမီးလေးမှာ နှလုံးကြေကွဲခဲ့ရသည်။

ကျွန်မအမေက သမီးလေး၏ခံစားချက်များကို ဂရုတစိုက်ဖြင့် နားထောင်ပေးရန်နှင့် “ဘုရားရှင် အရာခပ်သိမ်းကိုသိတယ်” ဟု ပြောပြရန်အကြံပေးသည်။ ဘုရားရှင် အရာ ခပ်သိမ်းကိုသိကြောင်း ကျွန်မသိသော်လည်း ထိုအရာက မည်သို့ နှစ်သိမ့်မှု ပေးနိုင်မည်နည်း ဟု တွေးနေမိပါသည်။ ဘုရားရှင်သည် အသက်တာ၌ ရင်ဆိုင်နေရသော အဖြစ်အပျက်များ ကို သာမန်ကာလျှံကာမျှပင် မဟုတ်ဘဲ ကျွန်မတို့၏စိတ်ဝိညာဉ်ထဲထိတိုင် မြင်ပြီး ထိုအရာ များက မိမိအပေါ် မည်သို့သက်ရောက်မှုရှိနေကြောင်းထိပါ ဂရုတစိုက် ကြည့်ရှုပေးကြောင်း ကို ကျွန်မနားလည် လိုက်ရသည်။ မိမိ၏အသက်အရွယ်၊ အတိတ်၏ အနာဟောင်းများနှင့် အင်အား အစွမ်းအစမရှိခြင်းတို့အပေါ် မူတည်ပြီး သေးငယ်သောအမှုအရာကို ကြီးမားသော အရာအဖြစ် ကျွန်မတို့ခံစားရနိုင်ကြောင်းကို ဘုရားရှင် နားလည်ပါသည်။

အလှူခံပုံးထဲသို့ ဒင်္ဂါးလေးနှစ်ပြားထည့်လိုက်ချိန်တွင် မုဆိုးမအလှူ၏ စစ်မှန်သော ပမာဏနှင့်သူ့စိတ်နှလုံးကို သခင်ယေရှုမြင်လိုက်သည်။ သူမအတွက် မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို သခင်၏မှတ်ချက်စကားက ဖော်ပြနေသည်။ “ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းချသောသူအပေါင်းတို့ထက် ထိုဆင်းရဲသော မုဆိုးမသည် သာ၍သွင်းချခဲ့ပြီ။ … ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟုမိန့်တော်မူ၏” (မာ ၁၂:၄၃-၄၄)။

မုဆိုးမသည် သူ့အခြေအနေနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသော်လည်း အခြားသူများက သေးငယ်သောအလှူဟုထင်မှတ်သည့်အရာသည် သူမအတွက်မူ ပေးဆပ်မှုဖြစ်ကြောင်းကို သခင်ယေရှုအသိအမှတ်ပြုခဲ့သည်။ ကျွန်မတို့ဘဝကိုလည်း ထိုနည်းတူ သခင်မြင်သည်။ အကန့်သတ်မဲ့သော သူ့ဉာဏ်တော်တွင် ကျွန်ုပ်တို့၏ သက်သာခြင်းကို ရှာတွေ့နိုင်စေသား။ JENNIFER BENSON SCHULDT