နဂါးဖမ်းဖူးပါသလား။ ကျွန်တော့်သားလေး ဂိမ်းတစ်ခုကို ဖုန်းထဲဒေါင်းလုပ် မလုပ်ခိုင်းမီအထိ မဖမ်းဖူးခဲ့ပါ။ ထိုဂိမ်းမှဒစ်ဂျစ်တယ်မြေပုံဖြင့် သင့်အနီးအနားရှိ ရောင်စုံအကောင်လေးများကို ဖမ်းနိုင်ပါသည်။

အခြားဖုန်းဂိမ်းများနှင့်မတူဘဲ ဤဂိမ်းတွင် လှုပ်ရှားမှုလိုအပ်သည်။ မိမိသွားလေရာ နေရာတိုင်းသည် ဂိမ်းတွင် ပါဝင်သော နေရာများပင်ဖြစ်သည်။ ရလဒ်မှာ ကျွန်တော် လမ်းပို လျှောက်ဖြစ်သည်။ ကျွန်တော်တို့သားအဖ ထိုဂိမ်းကစားတိုင်း အနားမှာ ပေါ်ပေါ်လာသော အကောင်လေးများကို အခွင့်အရေးရလျှင်ရသလို ရအောင်ဖမ်းကြသည်။

ဂိမ်းကစားသူများကို ဖမ်းစားသောထိုဂိမ်းအပေါ် အာရုံစိုက်ရသည်မှာ လွယ်သလို ဂိမ်းလည်းစွဲသွားနိုင်သည်။ သို့သော် ထိုဂိမ်းကစားပြီး ကျွန်တော်အတွေးထဲ မေးခွန်းတစ်ခု ဝင်လာသည်။ ငါရော ကိုယ့်အနီးပတ်လည်မှာရှိတဲ့ ဝိညာဉ်ရေးနဲ့ဆိုင်တဲ့ အခွင့်အရေးတွေကို ဖမ်းကိုင်ဖို့ ဂိမ်းလောက် စိတ်ထက်သန်မှုရှိရဲ့လား။

မိမိအနီးဝန်းကျင်တွင် ဘုရားပြုနေသောအမှုအရာများကိုသတိချပ်ရန် လိုအပ်ကြောင်း ရှင်ပေါလုသိရှိခဲ့ပါသည်။ ကောလောသဲ ၄ တွင် သတင်းကောင်းဝေငှရန် အခွင့်အရေး အတွက် ဆုတောင်းပေးရန် ပေါလုတောင်းပန်ခဲ့သည်(:၃)။ ထို့နောက် “ပြင်ပလူတို့၏ မျက်နှာကိုထောက်လျက် ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနှုတ် ကြလော့”(:၅) ဟုသူစိန်ခေါ်ခဲ့သည်။ ပေါလုသည် ကောလောသဲအသင်းသားများအား အခြားသူတို့ကို သခင်ခရစ်တော်ထံ ပို့ဆောင်နိုင်မည့် အခွင့်အရေးကို လက်လွတ်မခံစေလိုပါ။ သို့သော် ထိုသို့လုပ်ဆောင်ရန် လူတို့ကို အရှိအတိုင်းမြင်ရန်နှင့် သူတို့၏လိုအပ်မှုများကိုသိမြင်ပြီးနောက် လျောက်ပတ် တင့်တယ်စွာ ဆက်ဆံရန် လိုအပ်ကြောင်းဖော်ပြခဲ့သည်(:၆)။

ဤလောကတွင် စိတ်ကူးယဉ်ဆန်သော နဂါးဖမ်းသည့်ဂိမ်းထက် ကျွန်ုပ်တို့၏ အချိန်နှင့်အာရုံကို ဖမ်းစားသောအရာများစွာရှိသည်။ သို့သော် ဘုရားသခင်က လူတို့ကို သူ့ထံညွန်ပြသော နေ့စဥ်အခွင့်အရေးများကိုရှာဖွေသည့် သည်းထိပ်ရင်ဖို လက်တွေ့ဘ၀ခရီးကို ရှင်သန်ရန် ဖိတ်ခေါ်နေပါသည်။ ADAM HOLZ