နိုင်ဂျီးရီးယန်း စီးပွားရေးလုပ်ငန်းရှင် ဇီးလ်က Lagos ဆေးရုံကုတင်ပေါ်ရှိလူနာကို ငုံ့ကြည့်ပြီး “ဘာဖြစ်တာလဲ”ဟုမေးလိုက်သည်။ ပေါင်တွင် ပတ်တီးစီးထားသည့် လူငယ်လေးက သေနတ်ဖြင့်အပစ်ခံခဲ့ရကြောင်းပြန်ဖြေသည်။ ထိုလူနာမှာဒဏ်ရာ သက်သာပြီး အိမ်သို့ပြန်နိုင်ပြီဖြစ်သော်လည်း ထိုဒေသ၏နိုင်ငံတော်ဥပဒေအရ ဆေးရုံစရိတ် မပေးချေမချင်း ဆေးရုံဆင်းခွင့် မရှိပါ။ လူမှုကူညီရေးအသင်းအဖွဲ့မှ ဝန်ထမ်းနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ဇီးလ် သည် သူ၏ခရစ်ယာန်ယုံကြည်ခြင်းကိုဖော်ပြရန်အတွက် သူထူထောင်မတည်ထားသောရံပုံငွေမှတစ်ဆင့် အမည်မဖော်ဘဲ ဆေးရုံစရိတ် ရှင်းပေးခဲ့သည်။ အပြန်အလှန်အားဖြင့် ထိုသို့ဆေးရုံဆင်းခွင့် လက်ဆောင်ကို ရရှိခံစားခဲ့သူတို့သည် တစ်နေ့တွင် အခြားသူများကို ထိုနည်းတူ ပြန်လည်ဝေငှရန် သူမ​ျှော်လင့်မိပါသည်။

သမ္မာကျမ်းစာတစ်လျှောက်လုံးတွင် ဘုရားရှင်၏ကြွယ်ဝခြင်းမှ ထုတ်နှုတ် ပေးကမ်းခြင်း အကြောင်းများကို ဖော်ပြထားပါသည်။ ဥပမာအားဖြင့် မောရှေသည် ဣသရေလလူမျိုးများအား ကတိတော်နယ်မြေတွင် မည်သို့အသက်ရှင်ရမည်ကို သွန်သင်ရာ၌ ဦးစွာ ဘုရားရှင်ထံ အဦးသီးများယူဆောင်လာရန် (တရား ၂၆:၁-၃) နှင့် လိုအပ်သောသူများဖြစ်သော ဧည့်သည်၊ မိဘမဲ့နှင့် မုဆိုးမများကို ကရုဏာပြရန် မိန့်ကြားခဲ့သည်(:၁၂)။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နို့နှင့်ပျားရည်စီးသော ပြည်တွင် နေထိုင်ရသည်ဖြစ်ရာ၊ နွမ်းပါးသူများအား ဘုရားသခင်၏မေတ္တာတော်ကို ပြသရန် ဖြစ်သည်။

ကျွန်ုပ်တို့သည်လည်း ဘုရား၏မေတ္တာတော်ကို မိမိ၏ပစ္စည်းကြီးငယ်မဆိုဖြင့် ဝေငှနိုင်ပါသည်။ ဇီးလ် ကဲ့သို့ ပေးလှူရန်အခွင့်အရေး မရရှိနိုင်သော်လည်း ဘုရားရှင်ထံ မည်သို့ပေးကမ်းရမည်၊ မိမိအကူအညီကို မည်သူလိုအပ်နေကြောင်း သိနိုင်ရန် လမ်းပြမှုကို တောင်းခံနိုင်ပါသည်။ AMY BOUCHER PYE