ကျွန်မ၏အိမ်နီးချင်း မေရီယန်နှင့် သူ့သမီးလေး အဲလစ်ဇဘက်တို့ကို လက်ပြ နှုတ်ဆက်ရင်း ကျွန်မအိမ်ဘက်သို့ ကားကိုကွေ့ဝင်လိုက်သည်။ ဤနှစ်များအတွင်း “ခဏ စကားပြောရန်” ကတိပြုထားသည့်အချိန်ထက် ကြာသွားပြီးနောက် ဆုတောင်းခြင်းဖြင့် အဆံုးသတ်သည့် ကျွန်မနှင့် မေရီယန်တို့၏ မိတ်သဟာယနှင့် အဲလစ်ဇဘက်လေး အကျွမ်းဝင်ခဲ့ပြီဖြစ်သည်။ ကျွန်မတို့စကားပြောနေစဉ် သူက သူတို့ခြံရှေ့သစ်ပင်ပေါ်တက်ပြီး သစ်ကိုင်းကို ခြေဖြင့် ချိတ်၍ တွဲလောင်းခိုလျက် ဆော့ကစားသည်။ ခဏအကြာတွင် သစ်ပင်ပေါ်မှဆင်းလာပြီး ကျွန်မတို့ထံ ခြေတစ်ပေါင်ကျိုးခုန်လျက် ရောက်လာပြီးနောက် ကျွန်မတို့လက်ကို ဆုပ်ကိုင်ကာ အပြံုးနှင့် “နောက်တစ်ဖန် ဆုတောင်းရန် အချိန်ကျပြီ” ဟု သီချင်းလုပ်ဆိုကာ ပြောသည်။ ကျွန်မတို့၏မိတ်သဟာယ၌ ဆုတောင်းခြင်းသည် အရေးကြီးကြောင်း ဤငယ်သောအရွယ်မှာပင် သူသဘောပေါက်နားလည်ပံုရပါသည်။

ရှင်ပေါလု ယံုကြည်သူများအား “သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြလော့” (ဧ ၆:၁၀)ဟု တိုက်တွန်းပြီးနောက် အစဉ်မပြတ်ဆုတောင်းရန်အရေးကြီးကြောင်း အထူးသဖြင့် တိုက်တွန်းခဲ့သည်။ အကာအကွယ်၊ ပိုင်းခြားသောဉာဏ်နှင့် သမ္မာတရား၌ စိတ်ချယံုကြည်မှု (:၁၁-၁၇) စသည်တို့ကို ပေးသနားသည့် သခင်ဘုရားနှင့်အတူ ဝိညာဉ်ရေးရာလျှောက်လှမ်းမှုတွင် ဘုရားလူတို့ ယူတင်ဝတ်ဆောင်ရန် လိုအပ်သည့် စစ်ဝတ်တန်ဆာ လက်နက်စံုကိုလည်း ဖော်ပြသေးသည်။ သို့သော် ဘုရားပေးခွန်အားသည် ရှင်သန်သည့် ဆုတောင်းခြင်းအမှုကို မှန်မှန်ပြုလျက် နစ်မျောနေခြင်းမှ ထွက်ပေါ်လာပါသည် (:၁၈-၂၀)။

ရဲရဲဝံ့ဝံ့ ကြားလျှောက်သည်ဖြစ်စေ၊ မျက်ရည်နှင့်ငြိမ်သက်စွာ မြွက်ဆိုသည် ဖြစ်စေ၊ နာကျင်သောနှလံုးသား၌ ကွယ်ဝှက်နေသည်ဖြစ်စေ၊ ကျွန်မတို့၏သောကများကို ဘုရားသခင်ကြားသည်။ ဂရုပြုသည်။ သူ့ထံ တစ်ကြိမ်ပြီးတစ်ကြိမ်တိုးဝင် ဆုတောင်းရန် ဖိတ်ခေါ်လျက် ကျွန်မတို့ခိုင်ခံ့အောင်ပြုပေးရန် ကိုယ်တော်အစဉ် အသင့်ရှိနေပါ၏။XOCHITL DIXON