ချွေတာရေးစတိုးဆိုင်မှ လျော့စျေးဖြင့် ကျွန်မမီးအိမ်လေးတစ်လံုးဝယ်ယူခဲ့သည်။ အိမ်ရှိကျွန်မရုံးခန်းအတွက် ၎င်းသည် သင့်တော်သည့် အရွယ်အစားနှင့်စျေးနှုန်းဖြစ်ပြီး၊ အရောင်ကလည်းလိုက်ဖက်မည့်ပံုပေါ်ပါသည်။ သို့သော် အိမ်ရောက်၍ ပလပ်ထိုးပြီးကြည့်ရာ မီးမလင်းပါ။

ကိစ္စမရှိပါ။ ကျွန်မခင်ပွန်းက “လွယ်ပါတယ်။ ငါပြင်ပေးမယ်” ဟု ပြောပြီး ဖြုတ်ကြည့်ရာ၊ မီးကြိုးဆက်ထားခြင်းမရှိသည်ကို ချက်ခြင်းတွေ့လိုက်သည်။ ဝါယာကြိုးဆက်သွယ်ထားခြင်းမရှိခြင်းကြောင့် လှပသော မီးအိမ်လေးဖြစ်သော်လည်း အသံုးမဝင်ပါ။

ကျွန်မတို့အသက်တာလည်း ထိုနည်းသဘောအတိုင်းဖြစ်ပါသည်။ သခင် ယေရှုက တပည့်တော်များအား “ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထိုသူသည် များစွာသောအသီးကို သီးတတ်၏” ဟု မိန့်ကြားသည်။ သို့သော် နောက်ထပ်သတိပေးချက်မှာ “သင်တို့သည် ငါနှင့်ကွာလျှင် အဘယ်အမှုကိုမျှ မတတ်နိုင်” (ယော ၁၅:၅) ဟူ၍ ဖြစ်သည်။

ထိုသွန်သင်ချက်ကို စပျစ်ပင်စိုက်ပျိုးသောအရပ်ဒေသ၌ သွန်သင်နေခြင်း ဖြစ်၍ တပည့်တော်များအနေဖြင့် ချက်ခြင်းနားလည်ကြသည်။ စပျစ်ပင်သည် ခံနိုင်ရည် ရှိသောအပင်ဖြစ်ပြီး အကိုင်းအခက်များကို အကြမ်းပတမ်းခုတ်ထွင်လျှင် ခံနိုင်ရည် ရှိသည်။ သို့သော် ပင်မအသက်မြစ်မှခုတ်ချခံရသည့်အခက်သည် တန်ဖိုးမဲ့သော ကိုင်းသေများပင်။ ကျွန်ုပ်တို့လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။

သခင်ယေရှု၌တည်လျက်၊ မိမိအတွင်း၌ နှုတ်ကပတ်တော်ကို တည်စေလျှင် ခရစ်တော်တည်းဟူသော အသက်အရင်းအမြစ်နှင့် ကျွန်မတို့ဆက်သွယ်ထားခြင်းပင် ဖြစ်သည်။ “သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်” (:၈) ဟု သခင် မိန့်ဆိုသည်။ အသီးသီးသောအသက်တာဖြစ်ရန် နေ့စဉ်အားဖြည့်ပေးရန်လိုအပ်သည်။ သမ္မာကျမ်းစာနှင့် သူ၏မေတ္တာတော်အားဖြင့် ဘုရားသခင်သည် နေ့စဉ်အခမဲ့ အားဖြည့် ပေးနေပါသည်။ ထိုကြောင့် သခင်နှင့်ချိတ်ဆက်လျက် သစ်သီးရည်ကဲ့သို့ ခွန်အားများ စီးဆင်းစေပါ။ PATRICIA RAYBON