လွန်ခဲ့သောနှစ်များစွာက ကျွန်တော့်ဇနီးသည် သူဝယ်ယူသောပစ္စည်းများအတွက် အနည်းငယ်သော လျော့ပေးငွေကို ရရှိခဲ့သည်။ ၎င်းသည် သူမျှော်လင့်ထားသော အရာမဟုတ်ပါ။ သူ့ဆီစာရောက်လာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့မိတ်ဆွေ တစ်ဉီးက အခြားနိုင်ငံတစ်ခုမှ အမျိုးသမီးများ၏ လိုအပ်မှုသတင်းကို မျှဝေလာသည်။ ထိုနိုင်ငံရှိ စွန့်ဉီးတီထွင် စီးပွားရေးအမြင်ရှိသည့် အမျိုးသမီးများသည် ပညာရေးနှင့် စီးပွားရေးနည်းလမ်းအားဖြင့် ၎င်းတို့၏ဘဝကို ပိုမိုကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ရန် ကြိုးစားနေကြပြီး၊ ငွေရေးကြေးရေးက ၎င်းတို့အတွက် ပထမဆံုးသော အတားအဆီးဖြစ်သည်။

ကျွန်တော့်ဇနီးသည် ထိုလျော့ပေးငွေဖြင့် အထက်ပါ အမျိုးသမီးများကို ကူညီမစ သည့် အမှုတော်လုပ်ငန်း၏အသေးစားချေးငွေလုပ်ငန်းအဖြစ် ပါဝင်ရင်းနှီးပေးခဲ့သည်။ သူ၏ချေးငွေကို ပြန်ဆပ်ကြသောအခါ သူကတစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါထပ်ခါ မြှုပ်နှံခဲ့သည်မှာ ၂၇ ကြိမ်ထိတိုင်ပင်ဖြစ်သည်။ ကျွန်တော့်ဇနီးသည် အခြားအရာများစွာ အတွက် ဝမ်းမြောက်ကြည်နူးပါသည်။ သို့သော် သူတစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးသည့် အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်မှုသတင်းများ ကြားရလေတိုင်း သူမ၏မျက်နှာပေါ် ၌ ပေါ်လာသည့် ကျေနပ်သောအပြံုးကြီးက ရှားပါးသော အပြံုးဖြစ်သည်။

ဖတ်ရန် ကျမ်းပိုဒ်တွင် “စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင် နှစ်သက် တော်မူ၏” (၂ ကော ၉:၇) ဟူသည့် နောက်ဆံုးအချက်ကို အလေးထား ဟောပြောမှုများ မကြာခဏကြားရသည်။ မှန်လည်းမှန်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ပေးလှူခြင်း၌ “နှမျောသော စိတ်နှင့် မလှူရန်၊ မလှူဘဲမနေရစိတ်ထင်နှင့် မလှူရန်” (:၆-၇) တိကျသော သတ်မှတ်ချက်ရှိပါသည်။ ပြောရမည်ဆိုလျှင် စေတနာစိတ်နှင့် “ရွှင်လန်းအားရစွာ” ပေးလှူရန် ဖြစ်သည်။ ကျွန်ုပ်တို့အသီးသီးသည် တတ်အားသရွေ့ ပေးလှူကြစဉ် ကျွန်ုပ်တို့ဝမ်းမြောက်ရွှင်လန်းခြင်းရှိမရှိကို မျက်နှာများက သက်သေပြပြောပြလိမ့်မည်။JOHN BLASE