လူငယ်တစ်ဉီးအနေဖြင့် ဒန်ကင်သည် ငွေမရှိသည့်ဘဝမျိုးကို စိုးကြောက်သည်။ အသက်နှစ်ဆယ်ကျော်အရွယ်တွင် သူ့အနာဂတ်ကို ရည်မှန်းချက်ပြင်းထန်စွာဖြင့် စတင်တည်ဆောက်သည်။ ဂုဏ်ရှိန်မြင့်သည့် “စီလီကွန်ဗဲလီ” ကုမ္ပဏီတွင် အလုပ်ဝင် ခဲ့ရာ ငွေအမ​ြောက်အများရရှိခဲ့သည်။ သူ့ဘဏ်စာရင်း၌ ငွေက မနည်းမနော၊ ဇိမ်ခံပြိုင်ကားကြီးနှင့် ကယ်လီဖိုးနီးယားတွင် ဒေါ်လာတစ်သန်းတန် အိမ်ကြီးကို ပိုင်ဆိုင် ခဲ့သည်။ သူလိုချင်သမျှကို သူရရှိပြီးလည်း သူမပျော်ပါ။ “စိုးရိမ်သောကနဲ့မကျေနပ် မရောင့်ရဲနိုင်မှုတွေ ခံစားရဆဲပဲ၊ တကယ်တော့ စည်းစိမ်ဉစ္စာဆိုတာ ဘဝကိုပိုလို့တောင် ဆိုးဝါးစေနိုင်တာပဲ”ဟု ဒန်ကင် ဆိုသည်။ ငွေပံုကြီးက မိတ်ဆွေများနှင့် ပေါင်းသင်း ဆက်ဆံရေး၊ လူမှုအသိုင်းအဝန်းနှင့် ဝမ်းမြောက်မှုကို မဆောင်ကြဉ်းပေးနိုင်ယံုမက မကြာခဏဆိုသလို သူ့အတွက် နာကျင်စရာများကိုသာ ဖြစ်စေသည်။

ဘဝလံုခြံုမှုအတွက် လူအချို့တို့မှာ အားသွန်ခွန်စိုက်နှင့် စည်းစိမ်ဉစ္စာများ သိုမှီး စုဆောင်းနိုင်ရန် လုပ်ဆောင်ကြသည်။ ၎င်းသည် မိုက်မဲသောကစားပွဲသာဖြစ်သည်။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်” (ဒေ ၅:၁၀) ဟု သမ္မာကျမ်းစာ မှလည်း ထောက်ခံထားသည်။ အချို့က အရိုးကြေကြေ အရည်ခမ်းခမ်း အလုပ်လုပ်ကြ သည်။ အခြားသူများ၏ပိုင်ဆိုင်မှုနှင့် နှိုင်းယှဉ်လျက်၊ ရုန်းကန်လျက်၊ စီးပွားရေး၌ အဆင့်အတန်းတစ်ခုသို့ ရောက်ရှိအောင် အားစိုက်လုပ်ဆောင်သည်။ သို့ငြားလည်း ငွေရေးကြေးရေး ပူစရာမရှိ၊ ဖူလံုလာသည်တိုင် မလုံလောက်နိုင်၊ မရောင့်ရဲမကျေနပ်နိုင် သေးပါ၊ ဒေသနာဆရာ ဆိုသကဲ့သို့ “ထိုအမှုသည်လည်း အနတ္တဖြစ်၏” (:၁၀)။

အမှန်တရားကား ဘုရားသခင်နှင့်ကင်းကွာလျက် ပြည့်ဝကျေနပ်မှုကို ရှာဖွေရန် အားထုတ်ခြင်းသည် အချည်းနှီးသော အနတ္တအမှုဖြစ်သည်။ အလုပ်ကို ကြိုးစားလုပ်ကိုင် လျက် မိမိ၏ဆုကျေးဇူးများကို လောကအကျိုးအတွက် အသံုးခံရန် သမ္မာကျမ်းမှ သွန်သင်စေစားသည့် တစ်ချိန်တည်းမှာပင် မိမိ၏အနက်ရှိုင်းဆံုးသော လိုအင်ဆန္ဒများ ပြည့်ဝအောင် ကြိုးစားရှာဖွေစုဆောင်းရန်မှာ မဖြစ်နိုင်ပါ။ သခင်ယေရှု တစ်ပါးတည်း သာလျှင် စစ်မှန်၍ကျေနပ်နှစ်သိမ့်နိုင်သောဘဝကို ပေးနိုင်သည်(ယော ၁၀:၁၀)။ ထိုအသက်တာကား စစ်မှန်လံုလောက်ပြည့်စံုပြီး နှစ်သက်ဖွယ် အဘဘုရားနှင့်ရင်းနှီးတော်စပ်ကျွမ်းဝင်မှု၌ အခြေပြုသည့်ဘဝပင်တည်း။WINN COLLIER