အိမ်သန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်းပိုင်ရှင် ဒဲဘီ သည် သူမ၏လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အလုပ်အပ်မည့်သူများကို အမြဲရှာဖွေရသည်။ တစ်ကြိမ်တွင် အမျိုးသမီးတစ်ဦးနှင့် ဖုန်းပြောရင်း ထိုအမျိုးသမီးက “ကျွန်မအခုတော့ အခကြေးငွေ မတတ်နိုင်သေးဘူး။ ကျွန်မကင်ဆာရောဂါကို ကုနေရလို့ပါ” ဟုဆိုခဲ့သည်။ ထိုခဏမှာပင် ကင်ဆာဝေဒနာခံစားနေရသည့် မည်သည့်အမျိုးသမီးအတွက်မဆို မငြင်းပယ်ဘဲ ဝန်ဆောင်မှုပေးရန်၊ ၎င်းတို့အတွက် အခမဲ့ဝန်ဆောင်မှုများ ကမ်းလှမ်း ရန် ဒဲဘီ ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် ၂၀၀၅ ခုနှစ်တွင် ကင်ဆာဝေဒနာနှင့် တိုက်ခိုက်နေရသော အမျိုးသမီးများအတွက် သန့်ရှင်းရေးဝန်ဆောင်မှုကို အခမဲ့ပေး သည့် အမြတ်အစွန်းအတွက်မဟုတ်သော အဖွဲ့အစည်းတစ်ခုကို အစပြုခဲ့သည်။ ဤဝန်ဆောင်မှုကြောင့် အမျိုးသမီးတစ်ယောက်သည် သန့်ရှင်းသောအိမ်သို့ပြန်လာသောအခါ ယုံကြည်စိတ်ချမှုအငွေ့အသက်များကို ခံစားခဲ့ရပြီး “ပထမဆုံးအနေနဲ့ ငါကင်ဆာရောဂါကိုတိုက်နိုင်တယ်ဆိုပြီး ယုံကြည်ချက်ရှိလာတယ်” ဟုပြောပါသည်။

စိန်ခေါ်မှုများကိုရင်ဆိုင်ရသောအခါ မိမိကိုဂရုစိုက်လျက် ထောက်ပံ့အားပေးမှုကို ခံစားရသည့် စိတ်ခံစားမှုသည် ဆက်လက်ရပ်တည်နိုင်​အောင် မစပေးနိုင်သည်။ ဘုရား မျက်မှောက်တော်နှင့် သူ၏မစထောက်ပံ့မှုကို သိရှိခံစားရခြင်းကလည်း စိတ်ဝိညာဉ် အတွက် မျှော်လင့်ခြင်းကို ဖြစ်စေသည်။ စစ်ကြောမှုများနှင့်ဘဝကို ဖြတ်သန်းရသူ လူအများ နှစ်သက်သည့် ဆာလံ ၄၆ တွင် “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက် ရှိ၏။ … ငြိမ်ဝပ်လျက်နေကြလော့၊ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။ …မြေကြီးပေါ်မှာ ဘုန်းပွင့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့နှင့် အတူ ရှိတော်မူ၏” (:၁၊ ၁၀-၁၂)ဟု ကျွန်ုပ်တို့ကို သတိပေးနေသည်။

ဘုရားရှင်၏ကတိတော်များနှင့် သူ၏တည်ရှိခြင်း မျက်မှောက်တော်ဖြင့် မိမိကိုယ်ကို သတိပေးခြင်းက စိတ်နှလုံး၌ အားသစ်လောင်း လျက် ခက်ခဲသောအချိန်ကာလများကို ယုံကြည်မှုအပြည့်နှင့်ကျော်လွှားရန် ခွန်အားပေးလိမ့်မည်။ ANNE CETAS