ကားရပ်သည့်နေရာတွင် အဘယ်ကြောင့် ဘောလုံးတစ်လုံးရောက်နေပါလိမ့်။ ကျွန်တော် အံ့သြသွားသည်။ သို့သော် ၎င်းနှင့်နီးကပ်လာသည့်အခါ ထိုအရာသည် ဘောလုံးတစ်လုံး မဟုတ်ဘဲ ကျွန်တော် တစ်ခါမျှ မမြင်ဘူးသည့် စိတ်ညစ်နေသော ကနေဒါငန်းကြီးတစ်ကောင်ဖြစ်နေသည်။

နွေဦးရာသီနှင့်ဆောင်းရာသီတို့တွင် ကျွန်တော်အလုပ်လုပ်သောနေရာအနီးရှိ မြက်ခင်းပြင်၌ ထိုငန်းများကို မြင်ရလေ့ရှိသည်။ ယနေ့ တစ်ကောင်တည်းသာတွေ့ရပြီး လည်လိမ်လျက်ရှိပြီး သူ၏ခေါင်းကို အတောင်အောက်တွင်းသို့ ထိုးသွင်းထားသည်။ မင်းအဖော်တွေ ဘယ်ရောက်ကုန်လဲ။ တစ်ကောင်တည်းဖြစ်နေသည့် သနားစရာ ငန်းပါ။ သူ့ကို ကျွန်တော် ပွေ့ဖက်ပေးချင်သည်။ (မှတ်ချက်၊ မစမ်းကြည့်လိုက်ပါနှင့်)

ငန်းတစ်ကောင်တည်း သင်းကွဲနေခြင်းကို တွေ့ရခဲပါသည်။ များသောအားဖြင့် ငန်းများသည် အုပ်စုလိုက်နေတတ်ပြီး “V” ပုံသဏ္ဌာန်ဖြင့် လေကိုခွဲ၍ ပျံသန်းတတ်သည်။ ၎င်းတို့ကို အုပ်စုလိုက်နေထိုင်သောသဘာ၀ဖြင့် ဖန်ဆင်းခံရပါသည်။

လူသားများသည်လည်း ထိုနည်းတူ အဖွဲ့နှင့် အသိုက်အမြုံနှင့် နေထိုင်ရန် ဖန်ဆင်းခံရပါသည် (က ၂:၁၈ ကို ကြည့်ပါ)။ ထို့ပြင် ဒေသနာကျမ်း ၄:၁၀ တွင် ရှောလမုန်မင်းကြီးက တစ်ဦးတည်း နေရသည့်အခါ မည်မျှအားငယ်ရသည်ကို ဖော်ပြ ထားသည်။ “တစ်ယောက်တည်းသောသူ လဲလျှင်မူကား အကျိုးနည်းပြီ။ ထူသောသူ မရှိ” ဟုဖော်ပြပြီး အများနှင့်ဆိုလျှင် ခွန်အားရှိကြောင်း “လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက် ဆီးတားနိုင်၏။ သုံးလွန်းတင်သောကြိုး သည်လည်း အလွယ်တကူမပြတ်တတ်” (:၁၂)ဟုလည်း ထပ်မံဖြည့်စွက်ထားသည်။

ထိုအချက်သည် ရုပ်ပိုင်းဆိုင်ရာအတွက် မှန်ကန်သကဲ့သို့ ဝိညာဉ်ရေးရာအတွက် လည်း မှန်ကန်ပါသည်။ ကျွန်ုပ်တို့တစ်ဉီးတည်း အင်အားချိနဲ့စွာပျံသန်းရန် ဘုရားသခင် မည်သည့်အခါမျှ မရည်ရွယ်ပါ။ အားပေးစမှု၊ လန်းဆန်းစေမှုနှင့် ကြီးပွားတိုးတက်မှုများ ရရှိရေး အခြားသူများနှင့်ဆက်ဆံပေါင်းသင်းရန် လိုအပ်ပါသည် (၁ ကော ၁၂:၂၁)။

အတူတကွရပ်တည်ခြင်းဖြင့် ထိပ်တိုက်တိုးရသည့် ဘဝလေစီးကြောင်းကို ကြံ့ကြံ့ခံ ရပ်တည်နိုင်သည်။ အတူတကွရှိနေပါ။ ADAM HOLZ