အကြီးအကျယ်ပြဿနာတက်နေသဖြင့် ကျွန်တ​ော်အိပ်ယာမှထ၍ ကြမ်းပြင်ပေါ် ဒူးထောက်လျက် ဆုတောင်းမိသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်တော် ဘုရားသခင်ထံ စိတ်ထားမှန်နှင့်တောင်းခံခြင်းမဟုတ်ဘဲ စိတ်တိုစွာဖြင့် မေးခွန်းများ မေးနေခြင်းသာဖြစ်သည်။ စိတ်ပြေပျောက်မှုမရရှိဘဲ ပြူတင်းပေါက်မှ ကောင်းကင်သို့သာ မော်ကြည့်နေမိသည်။ မမျှော်လင့်ဘဲ တောက်ပသော ကြယ်သုံးလုံးပါဝင်သည့် အိုရီအွန်ကြယ်စုကို တွေ့လိုက်ရသည်။ နက္ခတ်ဗေဒပညာ အရ ထိုကြယ်စု၏ အကွာဝေးသည် အလင်းနှစ် ရာနှင့်ချီ၍ဝေးကွာပါသည်။

ထိုကြယ်စုတွင် ပါဝင်သောကြယ်များနှင့်နီးလေ ၎င်းတို့သည် တစ်တန်းတည်း ဖြစ်မနေကြောင်း ထင်ရှားလေဖြစ်ကြောင်း ကျွန်တော်သဘောပေါက်ပါသည်။ ကျွန်တော်၏ အဝေးမှအမြင်အရ ထိုကြယ်တို့ကို ကောင်းကင်တွင် စနစ်တကျဖွဲ့စည်း နေရာချထားသည် ဟု ထင်ရသည်။ ထိုအခိုက်အတန့်တွင် ကျွန်တော်၏ဘဝကို ဘုရားသခင်မြင်သကဲ့သို့ ကျွန်တော်မမြင်၊ မနားလည်သေးဟု နားလည်ခဲ့ရသည်။ ကိုယ်တော်၏ ကြီးမားသော ရုပ်ပုံကားချက်တွင် အရာရာတိုင်းသည် စနစ်တကျ သူနေရာနှင့်သူ တည်ရှိနေပါသည်။

ဘုရားသခင်၏ကြီးမြတ်သောရည်ရွယ်ချက်ကို အနှစ်ချုပ်ဖော်ပြပြီးသောအခါ တမန်တော်ကြီးရှင်ပေါလုက ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းမြွက်ဆိုသည် (ရော ၁၁:၃၃-၃၆)။ သူ၏ချီးမွမ်းခြင်းများက မည်သူမျှစစ်၍မကုန်နိုင်သော အလွန် ကျယ်ဝန်းနက်နဲသော ဘုရားသခင်၏ပညာနှင့်ဉာဏ်တော်ကို(:၃၃) မျက်မှောက်ပြုစေ ပါသည်။ ကောင်းကင်နှင့်မြေကြီးရှိ အရာခပ်သိမ်းကို ထိန်းချုပ်ထားသော ကိုယ်တော်သည် ကျွန်ုပ်တို့၏ဘဝတစ်ခုလုံး ကိုလည်း အံ့မခန်းဘွယ်သောအရာများနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့်ပတ်စည်းလျက်ရှိသည် (မ ၆:၂၅-၃၄၊ ကော ၁:၁၆)။

ရှုပ်ထွေးသော နားမလည်နိုင်သောအရာများစွာရှိသော်လည်း ဘုရားသခင်၏ အံ့ဘွယ်သောအကြံစည်တော်သည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက်နှင့် သူ၏ ဘုန်းအသရေတော် ထင်ရှားစေရန် ဖွင့်လှစ်ပြသခြင်းပင်ဖြစ်သည်။ EVAN MORGAN