မီးဖိုချောင်ထဲဝင်လိုက်သည်နှင့် “အမလေး ကုန်ပါပြီ” ဟု ကျွန်တော့်ဇနီး၏အော်သံ ထွက်ပေါ်လာသည်။ ထိုသို့အော်လိုက်ချိန်တွင် ကျွန်တော်တို့၏ ပေါင် ၉၀ ရှိသည့် လာဘရာဒေါခွေးကြီးမက်က မီးဖိုခန်းမှ ရုတ်တရက်ကဆုန်ဆိုင်းပြေးထွက်လာသည်။

စားပွဲအစွန်းဘေးတွင် တင်ထားသည့် သိုးပေါင်မရှိတော့ပါ။ မက် စားလိုက်သဖြင့် အိုးပြားအလွတ်သာကျန်တော့သည်။ ခုတင်အောက်၌ဝင်ပုန်းရန် သူကြိုးစားသည်။ သို့သော် သူ့ခေါင်းနှင့်ပခုံးသာဆံ့သည်။ ကျွန်တော် သူ့ကိုရှာတွေ့သည့်အချိန်တွင် သူ့တင်ပါးနှင့်အမြီးတို့က သူရှိနေသည့်နေရာကို ပြသနေသည်။

“အို မက်၊ မင်းအပြစ်က မင်းကိုလိုက်လို့မီတာပဲ” ဟု ရေရွတ်မိသည်။ ဘုရား သခင်အားနာခံရန်နှင့် ပေးထားသည့်ကတိများတည်ရန် ဣသရေလအမျိုးအနွယ် နှစ်မျိုးကို မောရှေသွန်သင်ဆုံးမသည့်စကားကိုကျွန်တော်ငှားသုံးခြင်းဖြစ်သည်။ မောရှေက “ထိုသို့မပြုလျှင်မူကား သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည် အတိုင်း၊ ထိုအပြစ်သည် သင်တို့ကိုလိုက်၍မီလိမ့်မည်”ဟုဆုံးမသည် (တော ၃၂:၂၃)။

အပြစ်လုပ်ပြီးနောက် အချိန်ခေတ္တမျှ အဆင်ပြေမည်ဖြစ်သော်လည်း ဘုရားနှင့် ကွင်းကွာရသည့် အဆုံးစွန်နာကျင်မှုကို ဖြစ်စေပါသည်။ ဘုရားသခင် မသိမမြင်သည့် အရာ ဘာမှမရှိကြောင်း မောရှေက သူ့လူမျိုးတော်ကို သတိပေးသည်။ ကျမ်းပြုဆရာ တစ်ဦးက “ငါတို့ကို စစ်ကြောစီရင်တော်မူသောသူရှေ့၌… ခပ်သိမ်းသောအရာတို့သည် အကွယ်အကာ မရှိဘဲ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏”ဟု ပြောထားသည် (ဟေဗြဲ ၄:၁၃)။

အားလုံးကိုသိမြင်ပါသော်လည်း သန့်ရှင်းတော်မူသောဘုရားသခင်သည် ချစ်ကြင်နာစွာဖြင့် ကျွန်ုပ်တို့၏အပြစ်ကို ဝန်ခံရန်၊ အပြစ်မှနောင်တရရန် (အပြစ်မှ လှည့်ပြန်ရန်)နှင့် သူနှင့်အတူ မှန်ကန်စွာလျှောက်လှမ်းရန် ဆွဲခေါ်တော်မူသည် (၁ ယော ၁:၉)။ ယနေ့တွင် ချစ်ခြင်းမေတ္တာနှင့် ကိုယ်တော့်နောက်တော်သို့လိုက်ကြပါစို့။JAMES BANKS