နွေဥတုတစ်ခုတွင် မဖြစ်နိုင်ဟုထင်ရသည့်အလုပ်နှင့် ကျွန်မကြုံခဲ့ရသည်။ ကြိုးစားပမ်းစား စာရေးပေးရမည့်အလုပ်ကြီးဖြစ်ပြီး ပေးရမည့်နောက်ဆုံး‌ရက်ကလည်း နီးကပ်လွန်းသည်။ ကိုယ့်ဘာသာကိုယ် တစ်ရက်ပြီးတစ်ရက် အချိန်ကုန်ကာ ရေးရမည့်စာလုံးများ ရလာရန် ကြိုးစားအားထုတ်ရင်း ကျွန်မမောလာသည်။ စိတ်ဓာတ်ကျလာပြီး လက်လျော့ချင်လာ သည်။ အမြော်အမြင်ရှိလှသည့် မိတ်ဆွေတစ်ဦးက “မင်းနောက်ဆုံးအကြိမ် အားသစ် အင်သစ်နဲ့ လန်းဆန်းနေခဲ့တာ ဘယ်‌လောက်ကြာသွားပြီလဲ။ မင်းကိုယ်မင်း အနားပေးပြီး အရသာရှိတဲ့ အစာစားဖို့ လိုကောင်းလိုနေပြီထင်တယ်” ဟု ပြောခဲ့သည်။

သူ့စကားမှန်ကန်ကြောင်း ချက်ခြင်းပင် ကျွန်မသိလိုက်သည်။ သူ့အကြံကြောင့် ကျွန်မ စာရေးရမည့်ကိစ္စနှင့်မဆိုင်သော်လည်း ယေဇဗေလ၏ခြိမ်းခြောက်မှုကို ကြားခဲ့ ရသည့်ဧလိယအကြောင်းကို ကျွန်မပြန်တွေးမိသည်(၃ ရာ ၁၉:၂)။ ကရမေလတောင်တွင် ပရောဖက်အတုအယောင်များကို ဧလိယအောင်နိုင်ပြီးနောက် ယေဇဗေလက သူ့ကို ဖမ်းဆီးသတ်ပစ်မည်ဟု ခြိမ်းခြောက်သဖြင့် ဧလိယမှာ စိတ်ပျက် အားလျော့ကာ သေရန်ပင် တောင့်တမိသည်။ သို့သော် သူသည် ကောင်းကောင်းအိပ်စက်ပြီး ကောင်းကင်တမန် ကလည်း သူ့ထံအစာနှစ်ကြိမ် ယူလာပေးခဲ့သည်။ သူ၏ရုပ်ခန္ဓာပိုင်းခွန်အားကို ဘုရားသခင်က အားသစ်လောင်းပေးပြီးနောက် သူဆက်လက် ခရီးဆက်နိုင်ခဲ့သည်။

မိမိ“သွားရမည့်ခရီးက ဝေးလံပင်ပန်းလွန်း”လှလျှင် (:၇) အနားယူရန်၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရသာရှိသောအစားအစာ စားပေးရန် လိုကောင်းလိုမည်။ ကျွန်မတို့ မောပန်းနွမ်းနယ်ပြီး ဆာလောင်နေလျှင် စိတ်ဓာတ်ကျခြင်း (သို့) ကြောက်ရွံ့မှု အောက်၌ အလွယ်တကူ ကျရှုံးသွားနိုင်သည်။ သို့သော် ဤပျက်စီးယိုယွင်းနေသော လောကကြီး၌ ဘုရားသခင်က ကျွန်မတို့၏ရုပ်ပိုင်းလိုအပ်ချက်များကို သူ၏ အရင်း အမြစ်ဖြင့် တတ်နိုင်သမျှ ထောက်ပံ့ဖြည့်ဆည်းပေးသောအခါ ဘုရားရှင်အား အစေခံ ရန် ကျွန်မတို့ နောက်ထပ်‌ရှေ့တစ်လှမ်း တိုး၍လှမ်းနိုင်လိမ့်မည်။ AMY BOUCHER PYE