လွန်ခဲ့သည့်စနေနေ့ နေ့လည်နှောင်းပိုင်းအချိန်က ကျွန်မတို့မိသားစု နေ့လည်စာ စားရန် ရပ်ကွက်ထဲရှိ စားသောက်ဆိုင်သို့သွားခဲ့သည်။ စားပွဲထိုးက အာလူးကြော်များ၊ ဟမ်ဘာဂါများကို ကျွန်မတို့စားပွဲပေါ်ချပေးစဉ် ကျွန်မခင်ပွန်းက သူ့ကို မော့ကြည့်ပြီး နာမည်မေးလိုက်သည်။ ထို့နောက် “တို့တွေအစာမစားခင် မိသားစုလိုက် ဆုတောင်း ကြတယ်။ ဒီနေ့မင်းအတွက် တစ်ခုခုဆုတောင်းပေးဖို့ရှိလား”ဟု မေးသည်။ အယ်လင် အမည်ရှိ စားပွဲထိုးသည် အံ့သြမှုနှင့် သောကစိတ်တို့ရောယှက်လျက် ကျွန်ုပ်တို့ကို ပြန်ကြည့်သည်။ ခေတ္တမျှတိတ်ဆိတ်သွားပြီးမှ သူသည် သူ့မိတ်ဆွေ၏ဆိုဖာခုံတန်းပေါ်၌ ညတိုင်းအိပ်ရကြောင်း၊ သူ့ကားလည်းပျက်နေပြီး ငွေကြေး အကြပ်အတည်း ဆိုက်နေ‌ကြောင်း သူ့အခြေအနေကို ပြောပြသည်။

အယ်လင်အတွက် ဘုရား၏ပြင်ဆင်ပေးသနားမှု၊ ဘုရား၏မေတ္တာတော်ကို သူ့အားပြသပေးရန် ကျွန်မခင်ပွန်းက တိုးညင်းစွာဆုတောင်းနေစဉ် ကျွန်မတို့၏ ကြားဝင်ဆုတောင်းပေးခြင်းက သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ အကြောင်းအရာကို ယူဆောင်သွားပြီး ဘုရားနှင့်ကျွန်ုပ်တို့ကို ဆက်သွယ်ပေးသည်နှင့် တူကြောင်း တွေးမိသည်။ “ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့် အညီ စောင့်မတော်မူ၏” (ရော ၈:၂၇)။ ဝိညာဉ်တော် ပြောသည့်အရာက ဉာဏ်မမီနိုင်သော်လည်း ကျွန်ုပ်တို့အသက်တာအတွက် ဘုရားသခင်၏အလိုတော်နှင့်အမြဲကိုက်ညီကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။

နောက်တစ်ကြိမ် အခြားသူတစ်ဦးဦး၏အသက်တာ၌ ဘုရားရှင်၏လမ်းညွှန်မှု၊ အထောက်အပံ့နှင့်ကာကွယ်မှုကို သင်တောင်းလျှောက်ပေးသည့်အခါ ထိုအကြင်နာ ပြမှုက သင်၏ဝိညာဉ်ရေးလိုအပ်ချက်များအတွက် သင့်နာမည်ကိုသိရှိပြီး သင်၏ ခက်အခဲပြဿနာကိုဂရုပြုသည့် ဘုရားသခင်ထံ ယူဆောင်သွားပေးကြောင်း သင့်ကို သတိပေးအမှတ်ရပါစေသား။ JENNIFER BENSON SCHULDT