မင်းတက် သည် ခေါင်းအလွန်ကိုက်ပြီးအိပ်ရာမှနိုးလာသည်။ ခေါင်းစိမ်းကိုက် ဝေဒနာ ထပ်ဖြစ်ပြီလားဟု သူတွေးမိသည်။ သူအိပ်ရာမှအထတွင် ကြမ်းပြင်ပေါ်သို့ လဲကျသွား သည်။ သူ့ကိုဆေးရုံတင်လိုက်ရပြီး ဆရာဝန်များက လေဖြတ်သွားခြင်းဖြစ်သည်ဟု ပြောသည်။ ပြန်လည်ထူထောင်ရေးအတွက် ၄လမျှ လေ့ကျင့်ခန်းယူပြီးသော် စဉ်းစား တွေးခေါ်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း ပြန်ရခဲ့သော်လည်း လမ်းလျှောက်လျှင်နာကျင်ပြီး ထော့နဲ့ထော့နဲ့ဖြစ်ဆဲပင်။ ရံဖန်ရံခါ စိတ်ပျက်အားငယ်မှုနှင့် ရုန်းကန်နေရ သော်လည်း ယောဘဝတ္တုမှကြီးစွာသောနှစ်သိမ့်မှုကို သူရှာတွေ့ခဲ့သည်။

ယောဘသည် သူ့ပစ္စည်းဥစ္စာများအားလုံးနှင့်သူ့သားသမီးများကို တမဟုတ်ချင်း ဆုံးရှုံးခဲ့ရသည်။ မချိမဆံ့ခံစားရသည့်သတင်းဖြစ်သော်လည်း ယောဘသည် ပထမဆုံး ဘုရားသခင်ထံမျှော်လင့်ခြင်းဖြင့်မျှော်ကြည့်ပြီး အရာခပ်သိမ်း၏အရင်းအမြစ် ဖြစ်သည့်အတွက် ဘုရားသခင်ကို ချီးမွမ်းသည်။ ဘေးဒုက္ခရောက်သည့်အချိန်၌ပင် ဘုရားသခင်၏ အချုပ်အခြာအာဏာပိုင်သောလက်တော်ကို သိမှတ်ဝန်ခံသည် (ယောဘ ၁:၂၁)။ သူ၏ ခိုင်မာလှသောယုံကြည်ခြင်းကို ကျွန်ုပ်တို့ အံ့သြကြသော်လည်း ယောဘသည်လည်း စိတ်ပျက်အားငယ်မှုနှင့်ရုန်းကန်ခဲ့ရသည်။ ရောဂါဝေဒနာခံစား ရသည့်နောက်(၂:၇) သူမွေးဖွားသောနေ့ကို သူကျိန်ဆဲခဲ့သည်(၃:၁)။ သူ၏နာကျင်မှုနှင့် ပတ်သက်ပြီး သူ့မိတ်ဆွေများနှင့်ဘုရားသခင်အပေါ် ရိုးသားပွင့်လင်းမှုရှိခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ယောဘသည် ဘုရားသခင်၏လက်တော်မှလာသော ကောင်းခြင်းဆိုးခြင်းနှစ်ခုလုံးကို လက်ခံခဲ့ သည် (၁၃:၁၅၊ ၁၉:၂၅-၂၇)။

ဆင်းရဲဝေဒနာခံစားရစဥ် စိတ်ပျက်ဝမ်းနည်းမှုကတစ်ဘက်၊ မျှော်လင့်ခြင်းက တစ်ဘက်၊ သံသယနှင့်ယုံကြည်ခြင်းတို့အကြား ချီတုံချတုံဖြစ်နေသည့်ကိုယ့်အဖြစ်ကို ကိုယ်မြင်ကောင်းမြင်နေရမည်။ ပူဆွေးဝမ်းနည်းမှုကိုကြုံရချိန်တွင် မတုန်လှုပ်ရဟု ဘုရားသခင် မတောင်းဆိုပါ။ သို့သော် ကျွန်ုပ်တို့၏နားမလည်နိုင်မှု၊ မေးခွန်းထုတ်စရာ များနှင့် သူ့ထံတော်သို့လာရန် ဖိတ်ခေါ်နေပါသည်။ ရံဖန်ရံခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ကျရှုံးနိုင်သော်လည်း ဘုရားသခင်သည် သစ္စာတော်မြဲတည်‌ကြောင်းကို ကျွန်ုပ်တို့စိတ်ချ ကိုးစားယုံကြည်နိုင်ပါသည်။ POH FANG CHIA