Saydee နှင့်သူ့မိသားစုသည် “လက်ကိုဖွင့်၊ အိမ်ကိုဖွင့်” ဟူသောဒဿနကို ကိုင်စွဲ ခံယူသည်။ လူတိုင်းကို အထူးသဖြင့် စိတ်ဓာတ်ကျစိတ်ပျက်သူများကို သူတို့အိမ်၌ နွေးထွေးပြူငှာစွာ ကြိုဆိုကြောင်း သူကပြောပြသည်။ လစ်ဗျားနိုင်ငံတွင် ထိုသို့သော အိမ်ထောင်၌ သူတို့မောင်နှမကိုးယောက် ကြီးပြင်းခဲ့ရသည်။ သူတို့မိဘများက အခြားသူများကို မိသားစုထဲအမြဲကြိုဆိုခဲ့သည်။ သူက “ကျွန်တော်တို့က အဲဒီလို အသိုင်းအဝန်းနဲ့ ကြီးပြင်းခဲ့ရတယ်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ တစ်ဦးအပေါ်တစ်ဦးတာဝန်ယူတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တယောက်ချစ်ဖို့၊ဂရုစိုက်ဖို့၊ ကာကွယ်ပေးဖို့ အဖေသွန်သင်ခဲ့တယ်”ဟု သူပြောသည်။

ဒါဝိဒ်မင်းကြီးအကူအညီလိုအပ်ချိန်တွင် အထက်ပါ ချစ်ခြင်းကရုဏာမျိုးကို ဘုရားရှင်ထံ၌ သူတွေ့ရှိခဲ့သည်။ ရာဇဝင်ချုပ်ဒုတိယစောင်တွင် (ဆာလံ ၁၈ တွင်လည်း ပါသည်) သူ့အသက်တာတစ်လျှောက် ဘုရားရှင်ထံ၌ ခိုလှုံရာအဖြစ်တိုးဝင်ခဲ့သည့်အချိန် များအကြောင်းကို သီချင်းဖွဲ့ကာ မှတ်တမ်းတင်ထားသည်။ ဒါဝိဒ်မင်းက “ငါသည် ဆင်းရဲ ငြိုငြင်သောအခါ၊ ထာဝရဘုရားကိုခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာ ကြားတော်မူ၍ အော်ဟစ်သောအသံသည် နားတော် ထဲသို့ဝင်လေ၏” ဟု ၂ရာ ၂၂:၇ တွင် ရေးစပ်ခဲ့သည်။ ဘုရားရှင်သည် သူ၏ရန်သူများလက် မှ၊ ရှောလုမင်း၏လက်မှ အကြိမ်ပေါင်းများစွာ ကယ်နှုတ်ပေးခဲ့သည်။ ဘုရားရှင်သည် သူ ၏အကွယ်အကာ၊ သူ၏ခိုလှုံရာ ကျောက်ဆောင်ရဲတိုက်ဖြစ်ကြောင်း ချီးမွမ်းခဲ့သည် (:၂-၃)

ဒါဝိဒ်မင်းကြီးရင်ဆိုင်ခဲ့ရသော အမှုအရာများနှင့်နှိုင်းယှဉ်ပါက ကျွန်ုပ်တို့၏ အခက်အခဲပြဿနာများသည် သေးငယ်ကောင်း သေးငယ်မည်။ သို့သော် ဘုရားရှင် သည် သူ့ထံသို့ တိုးဝင်ကာ ကျွန်ုပ်တို့လိုလားစောင့်စားနေသော ခိုလှုံရာကို ရယူရန် ဖိတ်ခေါ်သည်။ သူ့လက်များကို ကိုယ်တော်အမြဲဖွင့်ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုထောမနာသီချင်း ဆိုပါမည်” (:၅၀)။ ANNE CETAS