ကီးချိန်သူမှ လှပကျော့ရှင်းသော စန္ဒယားကြီးကို အသံညှိနေသည်ကို ကျွန်မ နားထောင်ရင်း ထိုစန္ဒယားကြီးဖြင့်ပင် တီးခတ်ခဲ့သော “Warsaw Concerto” အံ့မခန်းတေးသွားနှင့် “How Great Thou Art” သီချင်း၏ တေးသံစဉ်ကို ပြန်လည် ကြားယောင်တွေးမိသည်။ သို့သော် ထိုတူရိယာမှာ ယခုအချိန်တွင် ကီးညှိဖို့ လိုကိုလိုနေပြီ ဖြစ်သည်။ အချို့နုတ်များက ကီးအနိမ့်အမြင့်မှန်သော်လည်း အချို့အသံများမှာ မြင့်သည့်ကီးကမြင့်၊ ကျသည့်ကီးက ကျနှင့်ဖြစ်နေသည်။ စန္ဒယားညှိသူ၏တာဝန်မှာ ကီးတစ်ခုချင်းစီကို တစ်သံတည်း ထွက်အောင် ညှိရန်မဟုတ်ဘဲ သူ့အသံနှင့်သူ မှန်ကန်စွာရှိပြီး တီးလိုက်လျှင် ညီညွတ် လှပလျက် သာယာငြိမ့်ညောင်းသောတေးသံ ထွက်ပေါ်စေရန် ဖြစ်သည်။

အသင်းတော်ဝန်းကျင်တွင်လည်း မညီမညာဖြစ်နေသောအသံများကို ကြားရတတ် ပါသည်။ သူမတူသည့်ရည်မှန်းချက်ရှိသူ၊ အရည်ချင်းရှိသူများ ဆုံမိကြသောအခါ ကီးမကိုက် မညီမညာအမှုများ ဖြစ်ပေါ်လာတတ်သည်။ ဂလာတိ ၅ တွင် ရှင်ပေါလုက ယုံကြည်သူများအား အချင်းချင်းကွဲပြားခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ သူ့အကျိုးကို ငြူစူခြင်း တို့သည် ဘုရားရှင်နှင့်သာမက အခြားသူများနှင့်မိတ်သဟာယကိုပါ ပျက်စီးစေနိုင် သောကြောင့် ထိုအရာများကို မလုပ်ကြရန်၊ ရှောင်ကြဥ်ရန် မေတ္တာရပ်ခံသည်။ ဆက်လက်ပြီးမှ ဝိညာဉ်အသီးများဖြစ်သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်းတို့ဖြင့်ပြည့်စေရန် ရှင်ပေါလုက တိုက်တွန်းခွန်အားပေးသည် (:၂၀၊ ၂၂-၂၃)။

ဝိညာဉ်တော်ဖြင့် ကျွန်မတို့ အသက်ရှင်သောအခါ အရေးမပါသောကိစ္စများတွင် မလိုအပ်သောပဋိပက္ခများကို ရှောင်ရှားနိုင်လိမ့်မည်။ ကျွန်မတို့၏မတူညီမှု၊ ကွဲပြားမှု များထက် ကျွန်ုပ်တို့ မျှဝေခံယူထားသော ရည်ရွယ်ချက်များသည် ပိုကြီးမြတ်ပါသည်။ ထို့ပြင် ဘုရားရှင်၏မစပေးမှုဖြင့် ကျွန်မတို့တစ်ယောက်ချင်းစီတိုင်းသည် သခင့် နှလုံးသားနှင့် ထပ်တူညီအောင်ကြိုးစားလျက် ကျေးဇူးတရားနှင့်တကွ စည်းလုံးလျက် အထံ၌ ကြီးထွားနိုင်ပါသည်။ CINDY HESS KASPER