သင်သည် သခင်ယေရှုအကြောင်း ရိုက်သောရုပ်ရှင်တွင် သူ့နေရာတွင် သရုပ်ဆောင်ရမည် ဆိုပါက ထိုဇာတ်ရုပ်အတွက် မည်သို့ပြင်ဆင်မှုပြုမည်နည်း။ ထိုစိန်ခေါ်မှုကို Bruce Marchiano သည် ၁၉၉၃ ခုနှစ် ရှင်မဿဲခရစ်ဝင်ကျမ်းကို ဇာတ်လမ်းပုံဖော်ရိုက်ကူး ရာတွင် တွေ့ကြုံခဲ့ရပါသည်။ သူသရုပ်ဖော်ပုံကိုကြည့်ပြီး သခင်ယေရှုအကြောင်းကို သန်းပေါင်းများစွာသောလူတို့ ကောက်ချက်ချမည်ဖြစ်ရာ၊ ထိုအပူကြီးသည် သူ့ရင်ကို လေးလံစေကာ ခရစ်တော်ကဲ့သို့ မည်သို့မှန်ကန်အောင် သရုပ်ဆောင်ရမည်နည်းဟု သူပူပင်သောကရောက်ခဲ့သည်။ သူသည် ဒူးထောက်ဆုတောင်းရင်း “သခင်ယေရှု၊ သခင့် အတွက်ပဲနော်”ဟု တောင်းလျှောက်ခဲ့သည်။

Bruce သည် ဟေဗြဲ အခန်းကြီး ၁ မှ ဘုရားသခင်သည် သားတော်ကို ချီးမြောက်ပြီး “ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိတ်ပေးတော်မူကြောင်း” ကိုဖတ်ရပြီး အမြင်တစ်ခုရရှိခဲ့သည်။ ထိုဝမ်းမြောက်ခြင်းသည် ခမည်းတော်ဘုရားနှင့်ဆက်သွယ်မှုရှိနေခြင်းကို စိတ်နှလုံး အကြွင်းမဲ့ ဖော်ပြနေသည့် ပျော်ရွှင်ဝမ်းမြောက်ခြင်းဖြစ်သည်။ ထိုသို့သော ဝမ်းမြောက်ခြင်း ကို သခင်ယေရှု၏အသက်တာတစ်လျှောက်၌ တွေ့ရသည်။ ဟေဗြဲ ၁၂:၂ တွင် “ထိုသခင် သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်အံ့သော အရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပုလ္လင်တော်လကျ်ာဘက်၌ ထိုင်နေတော်မူ၏” ဟုဖော်ပြထားပါသည်။

ထိုနှုတ်ကပတ်တော်မှဖော်ပြထားသော သခင်၏သော့ချက်ကိုယူပြီး Bruce သည် သူ၏ကယ်တင်ရှင်အကြောင်းကို ဝမ်းမြောက်ခြင်းအပြည့်ဖြင့် သရုပ်ဆောင်ပြသနိုင်ခဲ့ သည်။ ရလဒ်အားဖြင့် သူ့ကို “ပြုံးရွှင်သောသခင်ယေရှု” ဟုလူသိများလာသည်။ ကျွန်ုပ်တို့ လည်း ဒူးထောက်ကာ သခင့်အတွက်ပဲနော်ဟု သခင်ယေရှုအား တောင်းလျှောက်နိုင် ပါသည်။ သခင်၏သဏ္ဌာန်တော်ကို ကျွန်ုပ်တို့အထဲတွင် ပြည့်စေကာ ကျွန်ုပ်တို့အထဲရှိ သခင်၏ချစ်ခြင်းကို ကျွန်ုပ်တို့ပတ်လည်ရှိလူများသိမြင်နိုင်ကြစေသား။ ELISA MORGAN