ဗြိတိန်နိုင်ငံတစ်ဝှမ်းတွင် ဓားထိုးမှုရာဇဝတ်မှုများဖြစ်ပွားခဲ့ချိန်တွင် ဗြိတိသျှသံထည် လုပ်ငန်းပြခန်းဌာနသည် အကြံဉာဏ်တစ်ခုရရှိခဲ့သည်။ ပြခန်းဌာနသည် ဒေသခံ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး နိုင်ငံတစ်ဝန်းတွင် သေတ္တာပေါင်း အလံုး ၂၀၀ ကို ထားရှိကာ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကိုပြုလုပ်ခဲ့ရာ၊ ပိုင်ရှင်မဲ့ဓားပေါင်းတစ်သိန်းမျှ လက်နက်ချခဲ့ကြသည်။ အချို့ဓားသွားများတွင် သွေးစွန်းစပင် ရှိနေဆဲဖြစ်သည်။ ထိုဓားများကို အနုပညာရှင် Alfie Bradley ထံ ပေးပို့ပြီး သူက အသွားများကို တုံးစေပြီး ဓားဖြင့်အသတ်ခံရသည့် ဓားစာခံလူငယ်များ၏အမည်များနှင့်တကွ ပြစ်မှုကျူးလွန်သူ အကျဉ်းသားဟောင်းများ၏ နောင်တစာသားများ ရေးထိုးခဲ့သည်။ ထိုဓားလက်နက် တစ်သိန်းကို ဂဟေဆော်ပြီး (၂၇) ပေ အမြင့်ရှိတောက်ပသည့် သံမဏိ အတောင်ပံများနှင့် ကောင်းကင်တမန်ရုပ်ထု “ဓားတမန်” (Knife Angel) ကို ဖန်တီးပြုလုပ်ခဲ့သည်။

ဓားတမန်အရှေ့၌ရပ်ရင်း ဤရုပ်တုရှိခြင်းကြောင့် ဒဏ်ရာမည်မျှအတွက် အကာ အကွယ်ဖြစ်ခဲ့သနည်းဟု ကျွန်တော်စဉ်းစားမိသည်။ ဟေရှာယ၏ရူပါရံုဖြစ်သော ကောင်းကင်သစ်နှင့် မြေကြီးသစ် (ဟေရှာ ၆၅:၁၇)၊ ငယ်ငယ်ရွယ်ရွယ်နှင့် သူငယ်များ မသေသောအရပ် (:၂၀)၊ ရာဇဝတ်မှုထူပြောသည့် ဆင်းရဲတွင်း၌ မကြီးပြင်းရသော အရပ် (:၂၂-၂၃)၊ ဓားများကို ပံုသဏ္ဌာန်ပြောင်းလဲပြီး ပိုပြီးကောင်းမွန်သော ရည်ရွယ်ချက်အတွက် အသံုးပြုခြင်းကြောင့် ဓားရာဇဝတ်မှုများ မရှိသောအရပ် (၂:၄) အကြောင်းကိုလည်း စဉ်းစားမိသည်။

ထိုကမ္ဘာသစ်သည် မြေကြီးပေါ်သို့ မရောက်ရှိသေးပါ။ သို့သော် ကျွန်တော်တို့သည် ထိုကမ္ဘာသစ်တည်ထောင်ချိန်အထိ ဆုတောင်းပြီး အစေခံရမည် (မ ၆:၁၀)။ ဓားတမန် သည်လည်း သူ့နည်းသူ့ဟန်ဖြင့် ကျွန်တော်တို့ကို ဘုရားသခင်ကတိထားသော အနာဂတ်၏အရိပ်အမြွက်ကို ဖော်ပြနေသည်။ ဓားများသည် ထွန်သွားများ ဖြစ်လာသည်။ လက်နက်များသည် အနုပညာလက်ရာများဖြစ်လာသည်။ ထိုအနာဂတ်ကို အနည်းငယ်တိုး၍ မြင်တွေ့နိုင်ရန် အခြားမည်သည့် စီမံကိန်းများကို ကျွန်တော်တို့လုပ်ဆောင်နိုင်မည်နည်း။ SHERIDAN VOYSEY