တစ်နေ့ ဓာတ်ဆီဆိုင်တွင် Staci သည် ဘဏ်ကတ်မပါဘဲအိမ်မှထွက်လာသည့် အမျိုးသမီး တစ်ဉီးနှင့် မမျှော်လင့်ဘဲ တွေ့ဆံုခဲ့သည်။ သူမ၏ကလေးနှင့်မတ်တပ်ရပ်ပြီး ဖြတ်သွားဖြတ်လာသူများကို အကူညီတောင်းနေသည်။ ထိုအချိန်မှာ Staci သည် အလုပ်လက်မဲ့ဖြစ်နေသော်လည်း သူစိမ်းတစ်ဦးအတွက် ၁၅ ဒေါ်လာဖိုး ဓာတ်ဆီ ဖြည့်ပေးခဲ့သည်။ နောက်နေ့တွင် Staci အိမ်ပြန်လာသောအခါ အိမ်ရှေ့ဆင်ဝင်၌ ကလေးကစားစရာများထည့်ထားသော လက်ဆောင်ခြင်းတောင်းနှင့် အခြားသော လက်ဆောင်များက စောင့်ကြိုနေသည်ကို တွေ့ခဲ့သည်။ သူစိမ်း၏သူငယ်ချင်းများက Staci ၏ကြင်နာမှုအတွက် အပြန်အလှန်အားဖြင့် သူမ၏ ကောင်းချီး ၁၅ ဒေါ်လာ ကို သူမ၏မိသားစုအတွက် အမှတ်ရစရာ ခရစ္စမတ်အဖြစ်ပြောင်းလဲပေးခဲ့သည်။

ကျေနပ်နှစ်သက်ဖွယ်အကြောင်းလေးပါ။ “သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရံုမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်အချိန်တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်”(လု ၆:၃၈)ဟူသည့် သခင်ယေရှု၏မိန့်ကြားချက် ကို ပံုဖော်ပြနေသည်။

ဤအကြောင်းကိုကြားပြီး ပေးကမ်းခြင်းကြောင့် ပြန်လည်ရရှိမည့်အရာ၌သာ အာရံုစိုက်ပြီး တကယ့်အဓိကအချက်ကို မေ့သွားရန် သွေးဆောင်ခံရနိုင်သည်။ ယေရှုက ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး “သင်တို့မူကား ရန်သူတို့ကို ချစ်ကြလော့။ ကျေးဇူးပြုကြလော့။ တစ်စံုတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ ချေးငှား ကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆံုးသော ဘုရား၏သား ဖြစ်ကြလိမ့်မည်” (:၃၅) ဟု ဆက်ပြောထားသည်။

တစ်စုံတစ်ရာရရှိအောင် ကျွန်ုပ်တို့ပေးကမ်းခြင်းမဟုတ်ပါ။ ရက်ရောပေးကမ်း ခြင်းကို ဘုရားသခင်နှစ်သက်သောကြောင့် ကျွန်ုပ်တို့ပေးကမ်းခြင်း ဖြစ်သည်။ အခြားသူတို့အပေါ် ထားသော ကျွန်ုပ်တို့၏မေတ္တာသည် ဘုရားသခင်ကျွန်ုပ်တို့အပေါ် ထားသော ချစ်ခြင်းမေတ္တာနှလံုးသားကို ရောင်ပြန်ဟပ်နေသည်။ REMI OYEDELE