ကျွန်တော်နှင့် ကျွန်တော်အဖေသည် သစ်ပင်များကို ခုတ်လှဲပြီး နှစ်ဘက်ဆွဲလွှဖြင့် အတံုးအသေးဖြစ်အောင် ဖြတ်လေ့ရှိသည်။ ငယ်ရွယ်ပြီး အားအင်ပြည့်သည့်အတွက် ကျွန်တော်က လွှကို အတင်းဖိတွန်းဖိဆွဲရာ အဖေက ” ပေါ့ပေါ့ပါးပါးပဲ လုပ်ပါ။ လွှက သူ့အလုပ် သူလုပ်လိမ့်မယ်”ဟု ပြောသည်။

ဖိလိပ္ပိသြဝါဒစာ၌ ရှင်ပေါလုပြောသည့် “သင်တို့အထဲ၌ ပြုပြင်တော်မူသော သူကား ဘုရားသခင်ပေတည်း” (၂:၁၃)ဟူသည့်စကားကို ကျွန်တော်စဉ်းစားမိသည်။ ပေါ့ပေါ့ပါးပါးပဲနေပါ။ ကျွန်တော်တို့ကို ပြုပြင်ပြောင်းလဲပေးသည့်အမှုကို ဘုရားသခင်အား ပြုလုပ်ခွင့်ပေးရန်ဖြစ်သည်။

C. S. Lewis က ကြီးထွားရင့်ကျက်ခြင်းသည် ခရစ်တော်၏စကားကို ဖတ်ရှုခြင်း နှင့် နာခံလုပ်ဆောင်ခြင်းထက်များစွာပိုသည်ဟု ဆိုသည်။ “အဓိကပုဂ္ဂိုလ် ခရစ်တော်က သင့်အတွက် လုပ်ဆောင်ပေးနေသည်။ တဖြည်းဖြည်းနှင့် သင့်ကို သူ၏တန်ခိုးတော်၊ ဝမ်းမြောက်ခြင်း၊ ဉာဏ်တော်နှင့်ထာဝရတည်ရှိခြင်းကို အတူခံစားရရှိသည့်လူသစ် ခရစ်တော်လေး ဖြစ်လာရန် ပြောင်းလဲပေးနေသည်” ဟု ရှင်းပြထားသည်။

ယနေ့ ဘုရားသခင်သည် ထိုသို့လုပ်ဆောင်ပေးနေသည်။ သခင်ယေရှု၏ ခြေတော်ရင်း၌ထိုင်ပြီး သူပြောသည့်အရာများကို နှလံုးသွင်းပါ။ ဆုတောင်းပါ။ “ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ် စောင့်ရှောက်ပါ” (ယု ၁:၂၁)။ တစ်နေ့လံုး သင်သည် သခင်၏ပိုင်ဆိုင်ရာဖြစ်ကြောင်း ကိုယ်ကိုယ်ကိုယ် သတိပေးပါ။ ဘုရားသခင် သင့်ကို ဖြည်းဖြည်းချင်းပြောင်းလဲပေးနေကြာင်း ယုံကြည်စိတ်ချပြီး ငြိမ်ဝပ်စွာနေပါ။

ဖြောင့်မတ်ခြင်းကို ကျွန်တော်တို့ မဆာငတ်သင့်ဘူးလားဟု သင်မေးကောင်းမေးမည်။ ကလေးငယ်တစ်ဉီးသည် စင်အမြင့်ပေါ်ရှိလက်ဆောင်ကိုယူရန် ကြိုးစားနေပြီး သူ့မျက်လံုးက လိုချင်စိတ်ဖြင့်တောက်ပနေသည့်မြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ သူလိုချင်သည်ကိုသိပြီး ဖခင်က လက်ဆောင်ကို လှမ်းယူပြီး သူ့ကို ပေးလိုက်သည်။

လုပ်ဆောင်ခြင်းက ဘုရားသခင်၏အလုပ်ဖြစ်ပြီး ကျွန်တော်တို့အပိုင်းက ဝမ်းမြောက်ရန်ဖြစ်သည်။ ပေါ့ပေါ့ပါးပါးလုပ်ဆောင်ပါ။ တစ်နေ့တစ်ချိန်တွင် ကျွန်တော်တို့ ပန်းတိုင်သို့ရောက်မည်ဖြစ်သည်။ DAVID H.ROPER